ယခင်အပတ်က ကမ္ဘာတ၀န်း ကိုဗစ်-၁၉ လူနာသစ်တွေ့ရှိမှု ၁၆ ရာခိုင်နှုန်း ကျဆင်းဟု WHO ပြော

ယခင်အပတ်က ကမ္ဘာတ၀န်း ကိုဗစ်-၁၉ လူနာသစ်တွေ့ရှိမှု ၁၆ ရာခိုင်နှုန်း ကျဆင်းဟု WHO ပြော

ဖေဖော်၀ါရီ ၁၇

ပြီးခဲ့သည့်အပတ်က ကမ္ဘာတ၀န်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူသစ် တွေ့ရှိမှုသည် ၁၆ ရာခိုင်နှုန်း ကျဆင်းပြီး လူနာသစ် ၂ ဒသမ ၇ သန်း ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ပြောကြားသည်။

အလားတူ ကမ္ဘာတ၀န်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက်သည် တစ်ပတ်ပြီးတစ်ပတ် ၁၀ ရာခိုင်နှုန်း ကျခဲ့ပြီး ၈၁,၀၀၀ ဦး ရှိခဲ့ကြောင်း WHO က ဖေဖော်၀ါရီ ၁၆ ရက်က ထုတ်ပြန်သည်။

ပြီးခဲ့သည့်အပတ်က မြေထဲပင်လယ်အရှေ့ပိုင်း ဒေသ၌ ကူးစက်သူသစ်တွေ့ရှိမှု ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်မှလွဲ၍ WHO ဒေသခြောက်ခုအနက် ဒေသငါးခုတွင် ကူးစက်သူသစ်တွေ့ရှိမှုသည် ဂဏန်းနှစ်လုံးရှိ ရာခိုင်နှုန်းများဖြင့် ကျဆင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်က ကူးစက်သူသစ်တွေ့ရှိမှုအရ အာဖရိကနှင့် အနောက်ပစိဖိတ်တွင်  ၂၀ ရာခိုင်နှုန်း၊ ဥရောပတွင် ၁၈ ရာခိုင်နှုန်း၊ အမေရိကတွင် ၁၆ ရာခိုင်နှုန်း နှင့် အရှေ့တောင်အာရှတွင် ၁၃ ရာခိုင်နှုန်းစီဖြင့် အသီးသီးကျဆင်းခဲ့သည်။

ယခုအခါ ကမ္ဘာတ၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ်တွေ့ရှိမှုသည် သတင်းပတ် ငါးပတ်ဆက်တိုက် ကျဆင်းထားခဲ့ကြောင်း၊ ဇန်န၀ါရီ ၄ ရက် သီတင်းပတ်က ကူးစက်သူ ငါးသန်းကျော်ကနေ ထက်၀က်နီးပါး ကျဆင်းထားခဲ့ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က ပြောခဲ့သည်။

“ဒါကို ကြည့်ခြင်းအားဖြင့် ဗိုင်းရပ်စ် မျိုးကွဲသစ်တွေ ရှိနေတာတောင်မှ ရိုးရှင်းတဲ့ အများပြည်သူဆိုင်ရာ ကျန်းမာရေး အစီအမံတွေ အလုပ်ဖြစ်တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

“ခုချိန်မှာ အရေးကြီးတာက ဒီလားရာကို ကျွန်တော်တို့ ဘယ်လိုဘယ်ပုံ တုံ့ပြန်မလဲ ဆိုတာပါပဲ၊ မီးကတော့ မငြိမ်းသေးပါဘူး၊ ဒါပေမယ့် မီးညွန့်အရွယ်အစားကို လျော့ကျအောင် ကျွန်တော်တို့ လုပ်ထားနိုင်ပါပြီ၊ ဒီအချိန်မှာ ရှေ့တန်းနေရာမှာ တိုက်ခိုက်ငြှိမ်းသတ်တာတွေ ကျွန်တော်တို့ အားလျှော့ချလိုက်လို့တော့ မဖြစ်ပါဘူး၊ ကြိုးပမ်းမှုတွေကိုသာ ရပ်လိုက်မယ်ဆိုရင် အဲဒါက အရှိန်ပြန်ကောင်းလာနိုင်ပါတယ်” ဟု တက်ဒရို့စ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly