ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးပုဒ်မနှင့်တရားစွဲပြီးနောက် လူထုအုံကြွမှု အရှိန်မြင့်လာနိုင်ကြောင်း ကုလအထူးသံတမန် သတိပေး

ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးပုဒ်မနှင့်တရားစွဲပြီးနောက် လူထုအုံကြွမှု အရှိန်မြင့်လာနိုင်ကြောင်း ကုလအထူးသံတမန် သတိပေး
Photo: EPA

ဖေဖော်ဝါရီ ၁၇  

အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများသည် စစ်တပ်နှင့် တစ်ဖန် ထိပ်တိုက်ရင်ဆိုင်သွားဖွယ်ရှိသောကြောင့် ဗုဒ္ဓဟူးနေ့တွင် နိုင်ငံအတွင်း  လူထုအုံကြွမှုများ အရှိန်မြင့်လာနိုင်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် တွမ်အင်ဒရူးစ်က သတိပေးလိုက်သည်။  

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂါနေ့က ထပ်တိုးပုဒ်မနှင့် ဒုတိယအကြိမ် တရားစွဲဆိုလိုက်ပြီးနောက် အင်ဒရူးစ်က ယခုကဲ့သို့ သတိပေးလာခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိတ်တဆိတ် ရုံးတင်စစ်ဆေးသည့်အခြေအနေပင်ရှိနိုင်သည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။  

စစ်ဗိုလ်ချုပ်ကြီးများသည် အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲများကို အားပျော့သွားအောင် ကြိုးစားနေရင်း တတိယမြောက်ညအဖြစ် အင်တာနက်ပိတ်ဆို့မှုပြုလုပ်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆိုက်ဘာလုံခြုံရေးနှင့်အင်တာနက်ထိန်းချုပ်မှု စောင့်ကြည့်ရေးအဖွဲ့ NetBlocks က ပြောသည်။  

အင်ဒရူးစ်က မြန်မာနိုင်ငံအတွင်း အခြေအနေများ အထိန်းအကွပ်မဲ့ပြီး ပြင်းထန်လာမည်ကို စိုးရိမ်ကြောင်းလည်း ပြောသည်။ 

 “ဝေးလံခေါင်သီတဲ့ဒေသတွေက စစ်သားတွေကို အနည်းဆုံး ရန်ကုန်အထိ ပို့ဆောင်နေတယ်ဆိုတဲ့သတင်းတွေ ရထားပါတယ်။ အရင်တုန်းက အဲဒီလိုတပ်ဖွဲ့တွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လူပျောက်ဆုံးစေမှုတွေ၊ ထိန်းသိမ်းမှုတွေ လှုပ်ရှားလုပ်ဆောင်ခဲ့သူတွေပါ။ ကြိုတင်စီစဉ်ထားတဲ့ ဆန္ဒပြပွဲတွေနဲ့ တပ်တွေစုစည်းသွားတယ် ဆိုတဲ့ ဒီဖြစ်ရပ်နှစ်ခုကြောင့် စိုးရိမ်ကြောင့်ကြမိပြီး မြန်မာပြည်သူတွေအပေါ် ပိုမိုကြီးမားတဲ့  ရာဇဝတ်မှုတွေ စစ်တပ်က ကျူးလွန်နိုင်တဲ့ အန္တရာယ်အခြေအနေ ရှိနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် တွမ်အင်ဒရူးစ်က ၎င်း၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly