ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မထပ်တိုး တရားစွဲမှုအပေါ် ဘောရစ်ဂျွန်ဆင် အပြင်းအထန် ပြစ်တင်

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မထပ်တိုး တရားစွဲမှုအပေါ် ဘောရစ်ဂျွန်ဆင် အပြင်းအထန် ပြစ်တင်
Photo: EPA

ဖေဖော်၀ါရီ ၁၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဒ်မထပ်တိုး တရားစွဲတင်မှုသည် “လုပ်ကြံဖန်တီးစွပ်စွဲမှု”သာဖြစ်ကြောင်း ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြစ်တင်ပြောဆိုသွားခဲ့သည်။

ယခုလအစောပိုင်း စစ်တပ်အာဏာသိမ်းမှု၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ (၂၅) နှင့် ထပ်တိုးတရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ ထိုပုဒ်မသည် ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များကို ချိုးဖောက်ထားခဲ့သူများကို စွဲဆိုရာတွင် အသုံးပြုထားခဲ့သည့် ဥပဒေပုဒ်မ ဖြစ်သည်။

ယင်းမတိုင်မီ ‌ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေနှင့်မညီဘဲ ပြည်ပကနေ တင်သွင်းထားသည့် စကားပြောစက်များ ပိုင်ဆိုင်မှုဖြင့် တရားစွဲဆိုခံထားရသေးသည်။

ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဥ်း ချိုးဖောက်မှုအတွက် အမြင့်ဆုံး ချမှတ်နိုင်သည့် ပြစ်ဒဏ်သည် ထောင်ဒဏ် သုံးနှစ်ဖြစ်သည်။

သို့သော် စွဲချက်သစ်က သူမအား အကန့်အသတ်မရှိ ထိန်းသိမ်းချင် ထိန်းသိမ်း၍ ရနိုင်ရန် ခွင့်ပြုပေးကောင်းပေးနိုင်ပြီး အကြောင်းမှာ ပြီးခဲ့သည့်အပတ်က အာဏာသိမ်းစစ်အစိုးရက ပြဋ္ဌာန်းခဲ့သည့် ပြစ်မှုဆိုင်ရာ ဥပဒေပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုက တရားရုံးခွင့်ပြုချက်မပါဘဲ ထိန်းသိမ်းမှုကို ခွင့်ပြုပေးခဲ့၍ ဖြစ်ကြောင်း သူမ၏ ရှေ့နေက ပြောသည်။

ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ယူကေ အစိုးရက ထပ်တလဲလဲ တောင်းဆိုနေခဲ့ပြီး ယခုအခါ ၀န်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်ပါ ထွက်ရှိလာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို မမှန်မကန် လုပ်ကြံဖန်တီးပြီး ထပ်တိုးပုဒ်မတပ်ခြင်းက လူ့အခွင့်အရေး ချိုးဖောက်မှုသာ ဖြစ်ကြောင်း ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် ထပ်တိုးပုဒ်မနဲ့ စွဲချက်ထပ်တိုးလိုက်တာက မြန်မာစစ်တပ်ဘက်က မမှန်မကန်လုပ်ကြံဖန်တီးစွဲဆိုမှုသာဖြစ်ပြီး ဒါဟာ သူမရဲ့ လူ့အခွင့်အရေးကို ရှင်းရှင်းလင်းလင်းကို ချိုးဖောက်လိုက်တာပါ” ဟု မစ္စတာ ဂျွန်ဆင်က တွစ်တာတွင် ရေးခဲ့သည်။

“ကျွန်တော်တို့ကတော့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်၊ နောက်ပြီးတော့ ဒီ အာဏာသိမ်းမှုအတွက် တာ၀န်ရှိသူတွေ သေချာပေါက် ပြန်တာ၀န်ယူရစေဖို့ လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required