ရွှေဝါရောင်သံဃာတော်များ ကုလသမဂ္ဂရုံးဆီ စုရုံးချီတက်ကာ ဆန္ဒပြ 

 ရွှေဝါရောင်သံဃာတော်များ ကုလသမဂ္ဂရုံးဆီ စုရုံးချီတက်ကာ ဆန္ဒပြ 

စစ်တပ်ရဲ့ လူမဆန်စွာ ဖြိုခွင်းခံရတဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော် အပါး ၅၀ နီးပါးဟာ ဆန္ဒပြသူ ရာပေါင်းများစွာနဲ့အတူ ငါးထပ်ကြီး ဘုရားကနေပြီး ကုလသမဂ္ဂရုံးဆီ စုရုံးချီတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ 

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေကို နှိပ်ကွပ်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာက ရှုတ်ချနေတာကို လျစ်လျူရှုပြီး စစ်ဗိုလ်ချုပ်တွေဟာ ဒုတိယမြောက်ည အဖြစ် မနေ့ကလည်း အင်တာနက်ကို ဖြတ်တောက်ထားခဲ့ပါတယ်။ 

မနေ့က စစ်တပ်ဟာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန်မှာပဲ ရာထူးကနေ ဖယ်ရှားဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး တရားစွဲခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ တရားစွဲထားရာက အင်္ဂါနေ့က ဗီဒီယိုကွန်ဖရင့်နဲ့ အမှုစစ်ဆေးကြားနာရာမှာ သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေပုဒ်မနဲ့ပါ ထပ်တိုးအမှုဖွင့်လာတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က အေအက်ဖ်ပီကို ပြောပါတယ်။  

သမ္မတ ဦးဝင်းမြင့်ကိုတော့ ဖေဖော်ဝါရီ ၁ ရက်ကတည်းက သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေနဲ့ အမှုဆက်ဖွင့်ထားတာဖြစ်ပါတယ်။  

လက်ရှိအထိ ဆက်သွယ်လို့ မရသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို မတ် ၁ ရက် အမှုစစ်ဆေးရာမှာ ဗီဒီယိုကွန်ဖရင့်ကနေ တွေ့ရှိခွင့်ရရှိမယ်လို့ မျှော်လင့်ကြောင်းလည်း ဦးခင်မောင်ဇော်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly