ဆန္ဒပြမှုတွေ အားမလျော့သွားစေချင်ကြောင်း အာဏာသိမ်းမှုဆန့်ကျင်သူတွေ တိုက်တွန်း

ဆန္ဒပြမှုတွေ အားမလျော့သွားစေချင်ကြောင်း အာဏာသိမ်းမှုဆန့်ကျင်သူတွေ တိုက်တွန်း

ဖေဖော်ဝါရီ ၁၆ 

စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေဟာ အင်္ဂါနေ့မှာလည်း အလံတွေ၊ သူတို့ရဲ့ဆန္ဒတွေဖော်ပြထားတဲ့ ကတ်ပြားတွေနဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ပြီး လမ်းမပေါ် တဖန်ထွက်လာခဲ့ကြပါတယ်။  

လှည်းတန်းလမ်းဆုံမှာလည်း ထိုင်သပိတ်ဆင်နွှဲနေတဲ့သူရှိသလို  နေပြည်တော်က သေနတ်နဲ့အပစ်ခံခဲ့ရတဲ့ မိန်းကလေးနဲ့ ပစ်သူ ရဲတို့ရဲ့ ပုံတူပန်းချီတွေကိုဆွဲပြီး ငြိမ်းချမ်းစွာဆန္ဒပြနေကြသူတွေလည်းရှိပါတယ်။ 

လူငယ်တချို့ကလည်း ဂုံးတံတားအောက်မှာ မျက်လုံးကို အဝတ်တွေစည်းပြီး သေချင်ယောင်ဆောင်တဲ့ပုံစံနဲ့ သရုပ်ဖော်ဆန္ဒပြခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ စီးပွားရေးတက္ကသိုလ်ကျောင်းသားတွေကလည်း CDM လှုပ်ရှားမှု မှာပူးပေါင်းကြဖို့ ချီတက်ဆန္ဒပြပြီး ဆော်ဩခဲ့ကြပါတယ်။  

နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦးက လူတွေ ထပ်မံပါဝင်စေချင်ကြောင်း၊ လူငယ်ကျောင်းသားတွေမှာ အနာဂတ်တွေရှိတဲ့အတွက် စစ်အာဏာရှင်လက်အောက် မကျရောက်ချင်ကြောင်းနဲ့ ဆန္ဒပြမှုတွေ အားမလျော့သွားစေချင်ကြောင်း ပြောပါတယ်။  

စက်ဘီးစီးပြီး ဆန္ဒပြနေတဲ့ လူငယ်တစ်ဦးကလည်း ပြည်သူတွေက အုံကြွလို့နှိမ်နင်းတယ်ဆိုရင် လက်ခံနိုင်ကြောင်းနဲ့ အခုလို ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေအပေါ် နှိမ်နင်းတာတွေတော့  မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။  

အင်္ဂါနေ့မနက်ပိုင်းမှာလည်း နိုင်ငံအတွင်း အချို့ဒေသတွေရဲ့လမ်းမတွေပေါ်မှာ ဆန္ဒပြလူအုပ်တွေ ပြန်လည်ရောက်ရှိလာပြီး စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်လျက်ရှိပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly