ပြည်သူများကို ထိခိုက်စေနိုင်သဖြင့် မြန်မာအပေါ် ဒဏ်ခတ်အရေးယူခြင်းကို မထောက်ခံဟု စင်ကာပူ ပြော

By US News
16 February 2021
ပြည်သူများကို ထိခိုက်စေနိုင်သဖြင့် မြန်မာအပေါ် ဒဏ်ခတ်အရေးယူခြင်းကို မထောက်ခံဟု စင်ကာပူ ပြော
Photo: EPA

ဖေဖော်၀ါရီ ၁၆

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများသည် စိုးရိမ်ဖွယ်ရာ ကောင်းကြောင်း စင်ကာပူနိုင်ငံခြား‌ရေး၀န်ကြီးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ သို့သော် စစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်ပြီး မြန်မာအပေါ် ကျယ်ပြန့်သည့် အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်ခြင်းကိုမူ ၎င်းအနေဖြင့် မထောက်ခံကြောင်းနှင့် ထိုသို့ အရေးယူဒဏ်ခတ်ခြင်းက သာမန်ပြည်သူများကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယန် ဘာလာခ်ရစ်ရှ်နန်က ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦး၀င်းမြင့် အပါအ၀င် ထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်များ ပြန်လည်လွတ်‌မြောက်ပြီး အာဏာသိမ်း စစ်တပ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးမှု လုပ်ဆောင်သွားနိုင်ရန် ၎င်းအနေဖြင့် မျှော်လင့်ထားကြောင်း ဗီဗီယန် ဘာလာခ်ရစ်ရှ်နန်က ပါလီမန် မိန့်ခွန်းတစ်ခုတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်သည့် စင်ကာပူအနေဖြင့်  မြန်မာနိုင်ငံ၌ ဆန္ဒပြပွဲများအတွင်း ပြင်းထန်သည့် ထိပ်တိုက်တွေ့မှုများ၊ အစိုးရအမှုထမ်းများ ဖမ်းဆီးခံရမှုများ၊ အင်တာနက် ဖြတ်တောက်မှုများ၊ မြို့ထဲလမ်းများပေါ်တွင် တပ်ဖွဲ့၀င်များ တပ်ချမှုနှင့် သံချပ်ကာ ယာဥ်များ သွားလာမှုများ စသည်တို့နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း ဘာလာခ်ရစ်ရှ်နန်က ပြောသည်။

“ဒါတွေက စိုးရိမ်ဖွယ်ရာ အခြေအနေတွေဖြစ်ပါတယ်၊ အာဏာပိုင်တွေ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ကျွန်တော်တို့ဘက်က တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“အခြေအနေ ပြင်းထန်မှုအတိုင်းအတာ လျော့စဲစေဖို့ အဆောတလျင် လုပ်ဆောင်ချက်တွေ သူတို့ လုပ်ဆောင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ လက်နက်မဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်တာမျိုး မရှိသင့်ပါဘူး၊ ပြီးတော့ ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခု ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ပြီးခဲ့သည့် နို၀င်ဘာ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် အပြတ်အသတ် အနိုင်ရခဲ့ပြီး စစ်တပ် အာဏာသိမ်းမှုက မြန်မာ့ စီးပွားရေးအတွက် “အဓိက ဆုတ်ဆိုင်းမှု” ဖြစ်ခဲ့ကြောင်း ဘာလာခ်ရစ်ရှ်နန်က ပြောခဲ့သည်။ စင်ကာပူ စီးပွားရေးလုပ်ငန်းများသည်လည်း အခြေအနေအရပ်ရပ်အပေါ် ပြန်လည်သုံးသပ်မှုများ လုပ်ကောင်းလုပ်နိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောသွားခဲ့သည်။

ကျယ်ပြန့်သော အရေးယူဒဏ်ခတ်မှုများ ချမှတ်ခြင်းက ဆင်းရဲနွမ်းပါးမှု ထူပြောနေခဲ့သည့် မြန်မာနိုင်ငံရှိ ပြည်သူများကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်းနှင့် ထိုအကြောင်းကို ဂျာမနီအပါအ၀င် အနောက်အုပ်စုနိုင်ငံများနှင့် ဆွေး‌နွေးခဲ့စဥ် ထည့်သွင်းပြောကြားခဲ့သည်ဟု ဘာလာခ်ရစ်ရှ်နန်က ပြောခဲ့သည်။

အမေရိကန်နှင့် ဗြိတိန်တို့သည် မြန်မာစစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် အရေးယူဒဏ်ခတ်မှုများကို ကြေညာ သို့မဟုတ် ခြိမ်းခြောက်ထားသည့် နိုင်ငံများထဲတွင် ပါ၀င်နေသည်။

“ကျွန်တော်တို့အနေနဲ့ ကျယ်ပြန့်ပြီး တိတိကျကျမဟုတ်ဘဲ လက်လွတ်စပယ်ရှိတဲ့ ဆန်ရှင်တွေကို စမလုပ်သင့်ပါဘူး၊ ဘာလို့လဲဆိုတော့ အများဆုံးထိခိုက်ခံစားရမယ့်သူတွေက သာမန်ပြည်သူတွေ ဖြစ်မှာမို့လို့ပါ” ဟု ဘာလာခ်ရစ်ရှ်နန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly