စစ်အတွင်း လိင်ကျွန်ပြုခံရသူ တောင်ကိုရီးယားအမျိုးသမီးက အမှုကို ICJ သို့တင်ရန် အစိုးရအား တိုက်တွန်း 

 စစ်အတွင်း လိင်ကျွန်ပြုခံရသူ တောင်ကိုရီးယားအမျိုးသမီးက အမှုကို ICJ သို့တင်ရန် အစိုးရအား တိုက်တွန်း 

ဖေဖော်ဝါရီ ၁၆ 

တောင်ကိုရီးယားနိုင်ငံကို ဂျပန်ကျူးကျော်ဝင်ရောက်စဉ် စစ်ကာလအတွင်းက လိင်ကျွန်ဖြစ်ခဲ့ဖူးတဲ့ လီယောင်ဆူးက ဖေဖော်ဝါရီ ၁၆ ရက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ၎င်းရဲ့အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဆီ တင်ပြဖြေရှင်းဖို့ တောင်ကိုရီးယားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ 

တောင်ကိုရီးယားတရားရုံးက စစ်အတွင်းလိင်ကျွန်ဖြစ်ခဲ့ရသူ ၁၂ ယောက် ဒါမှမဟုတ် သူတို့မိသားစုတွေကို လျော်ကြေးပေးဖို့ ဇန်နဝါရီလမှာ ဂျပန်အစိုးရကို အမိန့်ချမှတ်လိုက်ပြီးနောက် ဂျပန်ဘက်ကလည်း ချက်ချင်းဆိုသလို ပြန်လည်ရှုတ်ချခဲ့ပါတယ်။ 

ဂျပန်အစိုးရအနေနဲ့ အဆိုပါလိင်ကျွန်တွေကို ကိုရီးယားဝမ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၉၁ ၀၀၀) လျော်ကြေးပေးဖို့ ဆိုးလ်တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဆယ်ကျော်သက် ဒါမှမဟုတ် အသက် ၂၀ စွန်းစွန်းရှိကြတဲ့ တရားလိုတွေဟာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကို ထပ်တလဲလဲ ကြုံတွေ့ခဲ့ရကြောင်း၊ ကိုယ်ချင်းစာမှုကင်းမဲ့တဲ့ တရားမဝင် လုပ်ရပ်ဖြစ်ပြီး သားကောင်ဖြစ်ခဲ့ရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအတွက် ခုခံပြောဆိုသူတွေအနေနဲ့ လျော်ကြေးပေးဖို့ တာဝန်ရှိတယ်လို့ တရားရုံးဆုံးဖြတ်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

ဂျပန်ကလည်း အဆိုပါစီရင်ချက်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ 

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက " ဒီတရားစွဲဆိုမှုကို ငြင်းပယ်သင့်ပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားအကြားက လိင်ဖျော်ဖြေမယ်အရေးကိစ္စက အပြီးအပြတ် ဖြေရှင်းပြီးပါပြီ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ဘယ်သောအခါမှ လက်မခံပါဘူး" လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

လိင်ကျွန်ပြုခံခဲ့ရတဲ့ လီယောင်ဆူးက "အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားမျှတတဲ့ စီရင်မှုကို ခံယူပြီး ဒီပြဿနာကို အပြည့်အဝဖြေရှင်းရပါမယ်။ နှစ်နိုင်ငံစလုံးလည်း အချင်းချင်း မမုန်းတီးဘဲ သင့်မြတ်ဖို့ မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။

Yonsei တက္ကသိုလ်က ဥပဒေဆိုင်ရာပါရဂူ ရှင်ဟီးဆွတ်က "ဒီအမှုကို ICJ ကိုတင်ချင်သလားလို့ တရားလိုတွေကို မမေးခင် အမှုရှုံးစေတဲ့အန္တရာယ်တွေကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားထားကြပါတယ်" လို့ ပြောပါတယ်။

သမိုင်းရေးဆရာတွေအဆိုအရ တရုတ်အပါအဝင် အာရှရဲ့တချို့ဒေသတွေသာမက ကိုရီးယား အများစုပါဝင်တဲ့ အမျိုးသမီး ၂၀၀ ၀၀၀ ခန့်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်ရဲ့ ဆောင်ကြာမြိုင်တွေမှာ လိင်ကျွန်လုပ်ဖို့ ဖိအားပေးခိုင်းစေခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီအမှုဟာ လွန်ခဲ့တဲ့ ရှစ်နှစ်က ဥပဒေလမ်းကြောင်းနဲ့ စတင်ခဲ့ခြင်းဖြစ်ကာ တရားလို ငါးဦးကတော့ သက်ရှိထင်ရှား ရှိနေဆဲဖြစ်ပြီး တခြားသူတွေအတွက်ကတော့ မိသားစုဝင်တွေက ကိုယ်စားပြုပြီး တရားစွဲဆိုခဲ့ကြတာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly