WHO က AstraZeneca ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေး 

WHO က AstraZeneca ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေး 

ဖေဖော်ဝါရီ ၁၆ 

ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) က AstraZeneca ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအချို့ကို စတင်ဖြန့်ဝေသွားမယ်လို့ တနင်္လာနေ့မှာ ပြောပါတယ်။ 

အဆိုပါကာကွယ်ဆေးကို Covax အစီအစဉ်နဲ့ အညီအမျှ ဖြန့်ဝေဖို့ Serum Institute of India (SII) နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကနေ ခွင့်ပြုချက်နဲ့ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့အချိန်ထိ ကာကွယ်ဆေးမရသေးတဲ့နိုင်ငံတွေက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ခုခံအားနည်းတဲ့ပြည်သူတွေဟာ နောက်ဆုံးမှာ ကာကွယ်ဆေးထိုးနိုင်တော့မှာဖြစ်ကြောင်း WHO က ကာကွယ်ဆေးဖြန့်ဖြူးမှုဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူးချုပ် Dr Mariangela Simao က ပြောပါတယ်။

"ကျွန်မတို့ နေရာဒေသတိုင်းက ဦးစားပေးပြည်သူတွေရဲ့ လိုအပ်ချက်ကို ပြည့်မီအောင်နဲ့ တစ်ကမ္ဘာလုံးကို ချောချောမွေ့မွေ့ဖြန့်ဖြူးပေးနိုင်ဖို့ လုပ်ဆောင်ရပါမယ်။  အဲဒီလိုလုပ်ဖို့ ထုတ်လုပ်မှုစွမ်းရည် အရှိန်မြှင့်လုပ်ဆောင်ဖို့နဲ့ ကာကွယ်ဆေးတီထွင်ထုတ်သူတွေက WHO ရဲ့ သုံးသပ်ချက်အတွက် ဆောလျင်စွာ တင်ပြဖို့ လိုပါတယ်" လို့ Dr Mariangela Simao က ဆိုပါတယ်။

WHO ရဲ့ အရေးပေါ်အသုံးပြုခွင့်စာရင်းလုပ်ထုံးလုပ်နည်းမှာ ကာကွယ်ဆေးရဲ့ အရည်အသွေး၊ ဘေးကင်းလုံခြုံမှုနဲ့ အစွမ်းအာနိသင်ထိရောက်မှုတို့ကို အကဲဖြတ်တာတွေပါဝင်ပြီး Covax အစီအစဉ်နဲ့ ဖြန့်ဖြူးမယ့် ကာကွယ်ဆေးတွေအတွက် လိုအပ်ချက်တစ်ခုလည်းဖြစ်ပါတယ်။ 

WHO ရဲ့ခွင့်ပြုချက်ဟာ ကာကွယ်ဆေးထုတ်လုပ်တဲ့နိုင်ငံတွေကို တင်ပို့ခွင့်နဲ့ ထိုးနှံခွင့်ကို မြန်ဆန်စေဖို့ ခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။ 

WHO ရဲ့ ခွင့်ပြုချက်ရထားတဲ့ နောက်ထပ် ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကတော့ Pfizer- BioNTech ဖြစ်ပါတယ်။

Covax အစီအစဉ်နဲ့ ပထမဆုံးအသုတ်ဖြန့်ဖြူးမယ့် AstraZeneca ကာကွယ်ဆေးအားလုံးနီးပါးကို အိန္ဒိယနဲ့ တောင်ကိုရီးယားတို့က ထုတ်လုပ်တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ကာကွယ်ဆေးဖြန့်ဖြူးရေးစာရင်းမှာတော့ Covax ရဲ့ ကနဦးအစီအစဉ်အနေနဲ့ ကာကွယ်ဆေးပမာဏပေါင်း ၃၃၇.၂ သန်း ဖြန့်ဖြူးဖို့ စီစဉ်ထားပြီး ဖေဖော်ဝါရီနှောင်းပိုင်းမှာ ပထမဆုံးအကြိမ်ပို့ဆောင်မယ်လို့ မျှော်မှန်းရပါတယ်။ 

အစီအစဉ်မှာပါဝင်တဲ့ နိုင်ငံ ၁၄၅ နိုင်ငံဟာ ၂၀၂၁ ခုနှစ် နှစ်လယ်မှာ ဦးစားပေးလူဦးရေရဲ့ ၃.၃ % ကို ကာကွယ်ဆေး လုံလောက်တဲ့အကြိမ်ရေထိုးပြီးသားဖြစ်ဖို့ စီစဉ်ထားပါတယ်။ 

ဖြန့်ဖြူးမယ့်စာရင်းမှာ SII ထုတ် AstraZeneca ဆေး သန်း ၂၄၀ ၊ တောင်ကိုရီးယားထုတ် AstraZeneca ၉၆ သန်း နဲ့ Pfizer ကာကွယ်ဆေး ၁.၂ သန်းတို့ ပါဝင်ပါတယ်။ အဆိုပါ ကိုဗစ်ကာကွယ်ဆေးတွေဟာ နှစ်ကြိမ်စီ ထိုးရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly