အင်တာနက်ဖြတ်ခိုင်းသည့် ညွှန်ကြားချက်များ ဖော်ပြပေးနေမှုကို ရပ်ဆိုင်းထားမည်ဟု တယ်လီနော ထုတ်ပြန်

အင်တာနက်ဖြတ်ခိုင်းသည့် ညွှန်ကြားချက်များ ဖော်ပြပေးနေမှုကို ရပ်ဆိုင်းထားမည်ဟု တယ်လီနော ထုတ်ပြန်
Photo: AFP

‌ဖေဖော်၀ါရီ ၁၆

နော်‌ဝေ တယ်လီကွန်း အော်ပရေတာ တယ်လီနောသည် မြန်မာနိုင်ငံတွင် ဖေဖော်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာပိုင်တို့၏ ဖိအားပေးခိုင်းစေမှုကြောင့် အင်တာနက် ဖြတ်တောက်ခဲ့ရမှုများကို လူအများသိရှိစေရန် ဖော်ပြပေးနေခဲ့ပြီးနောက် ယခုအခါ ကုမ္ပဏီ၀န်ထမ်းများ၏ လုံခြုံရေး စိုးရိမ်ရသဖြင့် ထိုသို့ ဖော်ပြမှုများကို ရပ်တန့်ထားတော့မည်ဖြစ်ကြောင်း ဖေဖော်၀ါရီ ၁၅ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်များသည် အာဏာရယူပြီးနောက်ပိုင်း နိုင်ငံတွင် အင်တာနက် ပိတ်ချရန် သို့မဟုတ် ကန့်သတ်ရန် အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းများကို ထပ်တလဲလဲ အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်။

တယ်လီနော ကုမ္ပဏီသည် ထိုကဲ့သို့ အမိန့်ညွှန်ကြားချက်များကြောင့် လုပ်ခဲ့ရသည့် အင်တာနက် ဖြတ်တောက်မှုများကို ယင်း၏ ၀က်ဘ်ဆိုဒ်ပေါ်တွင် တင်ရင်း ပွင့်လင်းမြင်သာမှု ရှိစေရေး ကြိုးပမ်းခဲ့သည်။

သို့ရာတွင် ယင်းသည် တနင်္ဂနွေနေ့က ထုတ်ပြန်ရာတွင် “လက်တလောအချိန်အခါတွင် တယ်လီနောအနေဖြင့် မြန်မာ အာဏာပိုင်များထံမှ လက်ခံရရှိသည့် ညွှန်ကြားချက်များကို လူအများသိရှိစေရန်အတွက် ထုတ်ပြန်ဖော်ပြပေးရန် မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပါကြောင်းနှင့် မိမိတို့အနေဖြင့် ၀က်ဘ်ဆိုဒ်ပေါ် ထိုကဲ့သို့ ထုတ်ပြန်ဖော်ပြမှုများကို ထပ်မံလုပ်ဆောင်နိုင်တော့မည် မဟုတ်ကြောင်းကို ၀မ်းနည်းစွာ အသိပေးလိုသည်” ဟု ထုတ်ပြန်ခဲ့သည်။

“လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်လို့ ကျွန်မတို့ ခြုံငုံသုံးသပ်ကြည့်ရှုခဲ့ပါတယ်၊ ခုချိန်မှာ ညွန်ကြားချက်တွေနဲ့ပတ်သက်လို့ အများပြည်သူသိအောင် ပြောပြဖို့ မဖြစ်နိုင်ပါဘူး” ဟု တယ်လီနော၏ ပြောရေးဆိုခွင့်ရှိသူ ဟန်း လန်ဂျလန်း နက်ဒ်ဆန်က အေအက်ဖ်ပီကို ပြောသည်။

မြန်မာနိုင်ငံရှိ အခြေအနေသည် “ရှုပ်ထွေးပြီး မရှင်းလင်းကြောင်း” နှင့် ယခုအချိန်မှစ၍ မိမိတို့ ၀န်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူမက ပြောသွားခဲ့သည်။
တယ်လီနောသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်လည်ပတ်လုပ်ကိုင်နေခဲ့ပြီး ယမန်နှစ် စာရင်းအရ ၀န်ထမ်းအင်အား ၇၄၇ ဦး ရှိနေခဲ့သည်။

လက်ရှိအချိန်တွင် တယ်လီကွန်း ၀န်ဆောင်မှုများသည် ကြီးကြီးမားမား နှောင့်ယှက်ခံနေရပြီး နိုင်ငံသည် နှစ်ညဆက်တိုက် “အင်တာနက် ဖြတ်တောက်မှု” ခံခဲ့ရကြောင်းကို ယူကေ အခြေစိုက် စောင့်ကြည့်အဖွဲ့ NetBlocks က တွစ်တာတွင် ရေးခဲ့သည်။

တနင်္လာနေ့က စစ်တပ်က တပ်ဖွဲ့၀င်များကို ထပ်တိုးချခဲ့သလို နိုင်ငံတွင် အင်တာနက် ပိတ်မှုများ ထပ်တလဲလဲ လုပ်ဆောင်ထားခဲ့သော်ြငား နိုင်ငံ၏ အဓိက မြို့ကြီးများနှင့် ‌ဝေးလံသော ရွာများတွင် ပြည်သူထောင်ပေါင်းများစွာတို့သည် လမ်းများပေါ် ထွက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများကို လုပ်ဆောင်နေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly