အထက်ကခိုင်းလို့ လုပ်ရတယ်ဆိုပြီး ဆင်ခြေပေးလို့ မရဟု ကုလသံတမန်က မြန်မာစစ်သားတွေကို သတိပေး

အထက်ကခိုင်းလို့ လုပ်ရတယ်ဆိုပြီး ဆင်ခြေပေးလို့ မရဟု ကုလသံတမန်က မြန်မာစစ်သားတွေကို သတိပေး

ဖေဖော်၀ါရီ ၁၆

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု၊ ဆန္ဒပြပွဲတွေအပေါ် နှိပ်ကွပ်မှုတို့အတွက် စစ်တပ်ရဲ့ ကွပ်ကဲမှုအဆင့်ဆင့်ရှိ ရာထူးအဆင့်လယ်ဗယ်စုံ တပ်ဖွဲ့၀င်တွေအနေနဲ့ လုပ်ဆောင်သမျှတွေအတွက် ပြန်တာ၀န်ယူရသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တွန် အန်ဒရူးစ်က သတိပေးသွားခဲ့ပါတယ်။

“ရှင်းရှင်းပြောရရင်တော့ ကျွန်တော်ကတော့ အထက်အမိန့်ကြောင့်၊ အထက်က ခိုင်းလို့ လုပ်ရတာပါ ဆိုပြီး ဆင်ခြေပေးလို့ မရပါဘူး” လို့ တွန် အန်ဒရူးစ်က မြန်မာစစ်တပ် တပ်ဖွဲ့၀င်တွေကို သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ပတ်သက်လို့ တွန် အန်ဒရူးစ်က “သူတို့ အတိတ်က မြင်တွေ့ခဲ့ဖူးတဲ့ ရက်စက်တဲ့ ဖြိုခွင်းနှိမ်နင်းမှုတွေ ခုချိန်မှာ ထပ်ကြုံရမှာကို သူတို့ စိုးရိမ်ကြပါတယ်၊ ပြီးတော့ စစ်တပ်က သူတို့ကို အချိန်မ‌ရွေး ဖြိုခွင်းနိုင်တယ်ဆိုတာကိုလည်း သူတို့ စိုးရိမ်ကြပါတယ်၊ အဲဒါတွေထက် သူတို့ရဲ့ အဓိက စိုးရိမ်ပူပန်မှုက ဘာလဲဆိုတော့ သူတို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ပြန်ရောက်ပြီး ပြန်နေထိုင်သွားရမှာကိုပါပဲ၊ သူတို့ အဲဒီလို စနစ်အောက်ကို ပြန်သွားမချင်ကြပါဘူး၊ အဲဒီလိုစနစ်အောက် ပြန်ရောက်သွားတာမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်တို့ကို ယခုအပတ်ထဲ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ တရားရုံး ကြားနာမှု လုပ်မယ့်အပေါ်လည်း တွန် အန်ဒရူးစ်က “အဲဒီ တရားရုံး ကြားနာမှုက တရားမျှတမှု ရှိလိမ့်မယ်လို့ ကျွန်တော်တော့ မထင်မိပါဘူး၊ အာဏာသိမ်းစစ်အစိုးရဆီမှာ တရားမျှတမှု ဆိုတာ မရှိပါဘူး၊ ဒါက လုပ်ပွဲတစ်ခုပါ၊ ဒါက လုပ်ဇာတ်တစ်ခုပါပဲ၊ တကယ်တမ်းမှာလည်း သူတို့ကို ဘယ်သူကမှ အယုံအကြည် မရှိကြပါဘူး” လို့ ပြောခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်နဲ့ ပတ်သက်လို့လည်း တွန် အန်ဒရူးစ်က “ သူတို့ကတော့ အဓိပ္ပါယ်မရှိ ကို့ရိုးကားယားနိုင်တဲ့ အရာတွေကိုပဲ ပြောနေကြတာပါ၊ သူတို့ပြောစကားတွေကို ဘယ်သူမှ မယုံကြပါဘူး၊ ပြီးတော့ လူတွေရဲ့ ယုံကြည်မှုကို သူတို့ မရတာက သူတို့ဟာ သူတို့ကိုယ်သူတို့ ဖုံးဖိကာကွယ်ရင်း သူတို့ဘာသာ တစ်သီးတစ်ခြား ရှိနေလို့ပါ၊ ‘ဒီမှာ ကြည့်ကြပါဗျ၊ ကျွန်တော်တို့က လက်တွေ့ကျပြီး မျှတတဲ့ လူတွေပါ’ ဆိုပြီး သူတို့ဘက်က ပိုပြီး ထုတ်ပြလေလေ၊ သူတို့ ပိုပြောလေလေ၊ လူတွေအတွက်ကတော့ ပိုပြီး ရယ်စရာကောင်းတဲ့ ပြက်လုံးတွေဖြစ်လေလေပါပဲ၊ ဆိုတော့ သူတို့အနေနဲ့ သူတို့ ပါးစပ်တွေ ဟလိုက်တဲ့အခါတိုင်း သူတို့ရဲ့ အကျိုးစီးပွားကို ပြန်တိုက်စားလေလေပါပဲ” လို့ ပြောခဲ့ပါတယ်။

“အထင်နဲ့အမြင် တစ်ခြားစီ ဆိုသလိုပါပဲ၊ ဒီစစ်ဗိုလ်ချုပ်ကြီးတွေက နိုင်ငံကို စည်းလုံးညီညွတ်အောင် လုပ်နိုင်တယ်ဆိုပြီး ပြချင်နေကြပါတယ်၊ သူတို့ဟာ စည်းလုံးညီညွတ်အောင် လုပ်နေသူတွေပေါ့၊ ဒါပေမယ့် သူတို့အတွက် ကံမကောင်းတာကတော့ လူတိုင်းက သူတို့နဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ပြီး တစ်စည်းတစ်လုံးတည်း ရှိနေကြတာလေ၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်အောက် နောက်တစ်ကြိမ် ထပ်အရောက်မခံဘူးဆိုတဲ့ ခံယူချက်အောက်မှာ လူတိုင်းက စည်းစည်းလုံးလုံး ရှိနေကြပါတယ်” လို့ တွန်အန်ဒရူးစ်က ပြောပါတယ်။

မျိုးဆက်သစ်လူငယ် Generation Z ဆန္ဒပြသူတွေနဲ့ပတ်သက်လို့လည်း တွန်အန်ဒရူးစ်က “ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရတစ်ရပ်အောက်မှာ ဘယ်လိုမျိုး ကြောက်ရွံ့ထိတ်လန့်ပြီး နေထိုင်ခဲ့ကြရတယ်ဆိုတဲ့ ဇာတ်ကြောင်းတွေကို သူတို့က သူတို့ရဲ့ မိဘတွေ၊ အဘိုးအဘွားတွေဆီကသာ တဆင့် ပြန်ကြားထားခဲ့ကြတာပါ၊ လွတ်လပ်မှု ဆိုတာ ဘယ်လိုလဲဆိုတာကို သူတို့က အတွေ့အကြုံကနေ သိကြပါတယ်၊ ဒီတော့ သူတို့ဟာလည်း သူတို့ရဲ့ မိဘတွေ၊ ဘိုးဘွားတွေ ပြောပြကြတဲ့ ထိတ်လန့်စရာ အခြေအနေဆိုးအောက်မှာ ဘယ်တော့မှ မနေရအောင်နဲ့ လွတ်လပ်မှုတွေ ရှိဖို့အတွက် သူတို့ စူးစိုက်လုပ်ဆောင်နေကြတာပါ” လို့လည်း ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်က တပ်ဖွဲ့၀င်တွေနဲ့ပတ်သက်လို့လည်း တွန် အန်ဒရူးစ်က “ဒါကိုတော့ သိထားပါ၊ ခင်ဗျားဟာ စစ်တပ် ကွပ်ကဲမှု အဆင့်ဆင့်ရဲ့ အောက်ခြေအဆင့်မှာ ရှိနေသူပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ်၊ လမ်းပေါ်က တစ်‌ယောက်ယောက်ပဲဖြစ်ဖြစ်၊ ကျွန်တော်ကတော့ အထက်ကအမိန့်ပေးလို့ လုပ်ရတာပါဆိုပြီး ဆင်ခြေပေးလို့မရပါဘူး၊ ဒါကို လက်မခံနိုင်ပါဘူး၊ ဒါမျိုးက ဖြစ်သင့်တဲ့ ကျိုးကြောင်းပြချက် မဟုတ်ပါဘူး၊ ဒီတော့ ခင်ဗျားဟာ ကွပ်ကဲမှု အဆင့်ဆင့်က ဘယ်အဆင့်မှာပဲ ရှိရှိ၊ အားလုံးဟာ ပြန်တာ၀န်ယူ၊ တာ၀န်ခံရမှာဖြစ်တယ်၊ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly