ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် ၁၇ ရက်နေ့မှာ ဗီဒီယိုကွန်ဖရင့်ဖြင့် စစ်ဆေးကြားနာမည် 

ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် ၁၇ ရက်နေ့မှာ ဗီဒီယိုကွန်ဖရင့်ဖြင့် စစ်ဆေးကြားနာမည် 

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဗီဒီယိုကွန်ဖရင့်ကနေပြီး စစ်ဆေးကြားနာသွားရမှာဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ရမန်ချုပ်ထားတာ ရက်ပြည့်တဲ့နေ့မှာပဲ နေပြည်တော်၊ ဒက္ခိဏ ခရိုင်တရားသူကြီးတစ်ဦးနဲ့ တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ခုလို ပြောတာပါ။ 

“လူမှုမီဒီယာက သတင်းတွေနဲ့ အချက်အလက်တွေအရ ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရမန်ချုပ်ရက် ကုန်ဆုံးပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်နဲ့ သမ္မတဦးဝင်းမြင့်တို့အတွက် ကိုယ်စားပြုပြီး ရှေ့နေလိုက်ခွင့်ရဖို့ ကျွန်တော်တို့ လာရောက်တာပါ။ ခရိုင်တရားသူကြီးနဲ့ ဆွေးနွေးပြောဆိုအပြီးမှာ ရမန်က ဖေဖော်ဝါရီ ၁၇ ရက်အထိ အကျုံးဝင်တယ်လို့ ကြားသိရတာပဲ ဖြစ်ပါတယ်။”လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။  

“ဒါကြောင့် ၁၆ ရက်ဖြစ်ဖြစ်၊ ၁၇ ရက်ဖြစ်ဖြစ် ရုံးတင်တဲ့အခါမှာ ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့် မေးမြန်းရမှာ ဖြစ်တယ်လို့ ခရိုင်တရားသူကြီးတွေဖက်က ပြောပါတယ်။”ဆိုပြီး သူက ပြောပါတယ်။ 

“ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးအတွက် ရှေ့နေငှားရမ်းခွင့်ရှိလားမေးတော့ ငှားရမ်းခွင့် ရှိတယ်လို့ ပြောပါတယ်။ ဦးဝင်းထိန်က ရှေ့နေငှားချင်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ ဒေါအောင်ဆန်းစုကြည်၊ ဦးဝင်ထိန်နဲ့ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်ရခြင်း မရှိတော့တာ ဖြစ်ပြီး သွင်းကုန်၊ ထုတ်ကုန်ဥပဒေ ချိုးဖောက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရမန် ၁၄ ရက် ချုပ်ထားတာ ဖြစ်ပါတယ်။ 

စစ်အစိုးရဟာ နိုင်ငံအနှံ့မှာ ထပ်တိုးတပ်အင်အားတွေ ဖြန့်ကြက်ထားသလို တနင်္လာနေ့မှာ အင်တာနက်ကို ပိတ်ဆို့တာတွေ ရှိနေပြီး အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလာပေမယ့် တော်လှန်ကြတဲ့ ဆန္ဒပြသူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြသမှုတွေ ဆင်နွှဲနေကြဆဲ ဖြစ်ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly