မြန်မာအခြေအနေအပေါ် ကုလအတွင်းရေးမှူးချုပ် အလွန်အမင်း စိုးရိမ်နေ

By CGTN
15 February 2021
မြန်မာအခြေအနေအပေါ် ကုလအတွင်းရေးမှူးချုပ် အလွန်အမင်း စိုးရိမ်နေ
Photo: EPA

ဖေဖော်၀ါရီ ၁၅

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်လျက် ရှိကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဖေဖော်၀ါရီ ၁၄ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

မြန်မာနိုင်ငံရှိ အဓိကမြို့ကြီးများ၌ သံချပ်ကာ ကားများ ထပ်တိုး ချထားမှုနှင့် အင်အားသုံးမှု တိုးမြင့်လာနေမှုတို့အပါအ၀င် မြန်မာ့အခြေအနေနှင့်ပတ်သက်ပြီး ကုလအတွင်းရေးမှူးချုပ်က အလွန် စိုးရိမ်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“ငြိမ်းချမ်းစွာ စုဝေးခွင့်အပေါ် အပြည့်အ၀ လေးစားလိုက်နာဖို့နဲ့ ဆန္ဒပြသူတွေကို တုံ့ပြန်နှိမ်နင်းမှုတွေ မလုပ်ဖို့ သူက မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို တောင်းဆိုလိုက်ပါတယ်၊ နောက်ပြီး လုံခြုံရေးတပ်ဖွဲ့၀င်တွေဘက်က အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနဲ့ နှောင့်ယှက်ဒုက္ခပေးမှုတွေ ဆက်ရှိနေတယ် ဆိုတဲ့ သတင်းတွေဟာလည်း လက်ခံနိုင်စရာ မရှိပါဘူး” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“နိုင်ငံရေး ခေါင်းဆောင်တွေ၊ အစိုးရအရာရှိသူတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူတွေနဲ့ မီဒီယာသမားတွေကို ဆက်ပြီးဖမ်းဆီးနေမှုအပြင် အင်တာနက်နဲ့ ဆက်သွယ်ရေး၀န်ဆောင်မှုတွေအပေါ် ပိတ်ပင်ကန့်သတ်မှုတွေ ရှိနေတာတွေက တကယ့်ကို စိုးရိမ်ပူပန်စရာ ကိစ္စတွေ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။

“သူတို့အနေနဲ့ သတင်းအချက်အလက် ရပိုင်ခွင့် အပါအ၀င် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် အ‌နှောင့်အယှက်ဖြစ်အောင် လုပ်တာမျိုး ရှောင်ကြဥ်ရပါလိမ့်မယ်” ဟုလည်း ယင်းက ဖော်ပြထားသည်။

ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းနေသည့် မြန်မာပြည်သူများကို ကုလသမဂ္ဂအနေဖြင့် အခိုင်အမာ ထောက်ခံအားပေးကြောင်း အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ထပ်လောင်း ပြောသွားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အခြေအနေကို တိုက်ရိုက် အကဲဖြတ်လေ့လာနိုင်ရန်အတွက် ကုလ အထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂျီနာကိုလည်း မြန်မာနိုင်ငံသို့ ချက်ချင်း ၀င်ရောက်ခွင့်ပေးရန် ၎င်းက မြန်မာစစ်တပ် အာဏာပိုင်များကို တောင်းဆိုတိုက်တွန်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required