မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ဂျပန်ရောက် မြန်မာနိုင်ငံသားများ ဆန့်ကျင်ဆန္ဒပြ

မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ဂျပန်ရောက် မြန်မာနိုင်ငံသားများ ဆန့်ကျင်ဆန္ဒပြ
Photo: EPA

ဖေဖော်၀ါရီ ၁၄

ဂျပန်နိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ထောင်နှင့်ချီတို့သည် ယနေ့ ဖေဖော်၀ါရီ ၁၄ ရက်တွင် တိုကျို မြို့လယ်တွင် ချီတက်ခဲ့ကြပြီး မြန်မာစစ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှုတွင် ပါ၀င်ခဲ့ကြသူများအနက် အချို့သည် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ကိုင်မြှောက်ထားခဲ့ကြသလို တစ်ချို့ကလည်း လူ့အခွင့်အရေး ဆုံးရှုံးမှုကို ရှုတ်ချထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ချီတက်ခဲ့ကြသည်။

အဆိုပါ စုဝေးဆန္ဒပြမှုသည် တိုကျိုရှိ ပန်းခြံတစ်ခုကနေ စတင်ပြီး လူစည်ကားသည့် လမ်းများအတိုင်း ချီတက်ခဲ့ကြသည်။

ထို ဆန္ဒပြမှုသည် မြန်မာနိုင်ငံသား ၃၃,၀၀၀ ကျော် နေထိုင်လျက် ရှိသည့် နိုင်ငံတစ်နိုင်ငံတွင် ပေါ်ပေါက်လာသော ဆန္ဒပြပွဲတစ်ခုလည်း ဖြစ်သည်။

“ကျွန်မကတော့ စစ်အစိုးရကို မကြိုက်ပါဘူး” ဟု ဂျပန်တွင် ဆယ်စုနှစ်သုံးခုကြာ နေထိုင်ခဲ့သည့် စားသောက်ဆိုင်၀န်ထမ်းတစ်ဦးဖြစ်သော ဆမ်လုထုသီက ပြောသည်။

သူမသည် ရောင်စုံ ရိုးရာ၀တ်စုံကို ၀တ်ဆင်ထားသည့် ကချင် တိုင်းရင်းသားလူမျိုး အဖွဲ့တစ်ခုတွင် ပါ၀င် ချီတက်ခဲ့သူတစ်ဦး ဖြစ်သည်။

“ကျွန်မက သူမနဲ့အတူ တိုက်ပွဲ၀င်ချင်ပါတယ်” ဟုလည်း သူမက ဖေဖော်၀ါရီ ၁ ရက် အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ‌ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြောခဲ့သည်။

တိုကျိုတွင် များမကြာခင်က ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြမှုများသည် ကြီးထွားလာပုံ ပေါ်နေပြီး ဆန္ဒပြသည့်အကြိမ်အခါတိုင်းတွင်လည်း လူများ တိုးတိုးလာနေခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ၎င်းတို့သည် ညနေခင်း စုဝေး ဆုတောင်းပွဲတစ်ခုတွင် မီးရောင်များ ထွန်းညှိပြသရင်း စုရုံးပါ၀င်ခဲ့ကြသေးသည်။

တနင်္ဂနွေနေ့ စုဝေးဆန္ဒထုတ်ဖော်ပွဲတွင် အလုပ်သမားသမဂ္ဂများမှ ကိုယ်စားလှယ်များအပါအ၀င် ဂျပန်နိုင်ငံသားဆန္ဒပြသူတစ်ချို့ပါ ပါ၀င်ခဲ့ကြပြီး ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်‌‌မြောက်ရေး ကြွေးကြော် အော်ဟစ်တောင်းဆိုခဲ့ကြသလို စည်းလုံးညီညွတ်ရေးနှင့်ပတ်သက်၍လည်း ကတိပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly