ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပွား

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပွား

ဖေဖော်၀ါရီ ၁၄

ထိုင်းနိုင်ငံမှာ ဖေဖော်၀ါရီ ၁၃ ရက်က ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းရဲတွေအကြား ထိပ်တိုက်တွေ့ ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ထိုင်း ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေဟာ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်နေရာရှိ ဆန္ဒပြနေရာကနေ ချီတက်ခဲ့ကြပြီးနောက် ဘန်ကောက်မြို့ နတ်ကွန်းနေရာမှာ အဓိကရုဏ်းရဲတွေနဲ့ ပဋိပက္ခတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းဆန္ဒပြသူတွေကတော့ ယမန်နေ့က တော်၀င်ဘုရင်စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအတွက် တောင်းဆိုဖို့ လမ်းတွေပေါ် ပြန်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်း ဒီမိုကရေစီအရေး ‌တောင်းဆိုဆန္ဒပြသူတွေဟာ ဖေဖော်၀ါရီ ၁၃ ရက်က ဘန်ကောက်ရှိ အထိမ်းအမှတ်ကျောက်တိုင်ပေါ် တက်ခဲ့ပြီး ကြက်သွေး‌ရောင် ပိတ်စတစ်ခုကို လွှမ်းခြုံချခဲ့ကြရင်း နိုင်ငံမှာ တင်းကျပ်တဲ့ တော်၀င် အသရေဖျက်မှု ဥပဒေတွေ ဖျက်သိမ်းရေး ‌တောင်းဆိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာတော့ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရ နုတ်ထွက်ရေး တောင်းဆိုတဲ့ လူငယ်ထု ဦး‌ဆောင်တဲ့ ဆန္ဒပြမှုတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေနဲ့အတူ ပြီးခဲ့တဲ့လတွေအတွင်း အရှိန်လျော့ကျထားခဲ့ပါတယ်။

ဒါပေမယ့် မကြာသေးခင်ကပဲ လူသိများတဲ့ ဆန္ဒပြခေါင်းဆောင် လေးဦး ဖမ်းဆီးထိန်းသိမ်းခံရမှုကြောင့် ဆန္ဒပြမှုတွေ ပြန်ဖြစ်ပေါ်ခဲ့ပြီး ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဘန်ကောက်က ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်ရှိရာ လမ်းဆုံကို ပြန်လည်ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေကိုတော့ တော်၀င် အသရေဖျက်မှု ဆိုင်ရာ ဥပဒေအောက်မှာ စွဲဆိုထားတာဖြစ်ပြီး ယင်းဥပဒေအရ ဘုရင်ကို စော်ကားမှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင်တော့ စွဲချက်တစ်ခုကို ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ခြေ ရှိပါတယ်။

“ကျွန်တော်တို့ ဒီနေ့ စုရုံးမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ ကို ဖျက်သိမ်းစေရေး တောင်းဆိုဖို့ပဲ ဖြစ်ပါတယ်” လို့ ထိုင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ပါနူပေါင် မိုက် ဂျက်နော့ခ်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly