စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ၌ မြန်မာကုန်တင်ယာဥ်မောင်းများ ပါ၀င်ဆန္ဒပြနေ၍ ထိုင်း ကုန်သွယ်ရေးလုပ်ငန်းများ အခက်အခဲဖြစ်

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ၌ မြန်မာကုန်တင်ယာဥ်မောင်းများ ပါ၀င်ဆန္ဒပြနေ၍ ထိုင်း ကုန်သွယ်ရေးလုပ်ငန်းများ အခက်အခဲဖြစ်
Photo: EPA

ဖေဖော်၀ါရီ ၁၄

လက်ရှိအချိန်တွင် မြန်မာ ကုန်တင်ယာဥ်မောင်းများသည် အလုပ်မဆင်းဘဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း ပူးပေါင်းပါ၀င်ဆန္ဒပြနေကြသည့်အတွက် ထိုင်းနိုင်ငံ တက်ခ် ခရိုင် မဲဆောက်ရှိ နယ်စပ်-ကုန်သွယ်ရေးပိုင်းတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့နှင့် ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ကို ချိတ်ဆက်ထားသည့် သောင်ရင်းမြစ် ဖြတ် အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွင် ပြီးခဲ့သည့် စနေနေ့က ကုန်ပစ္စည်းပို့ဆောင်သည့် ကုန်ကားစီးရေ အနည်းငယ်ကိုသာ မြင်တွေ့ခဲ့ရသည်။

“ခုချိန်မှာ မြန်မာ ကုန်ကားမောင်းသမား အများအပြားဟာ အလုပ်တွေ မလာကြတော့ဘဲ မြ၀တီမြို့က ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါ၀င်ဆန္ဒပြနေကြတယ်လို့ နယ်စပ်စစ်ဆေးရေးဂိတ်နားက ကုန်သည်တွေက ပြောပါတယ်၊ ဒီ မြန်မာ ကုန်ကားမောင်းသမားတွေဟာ နိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်မရမချင်း အလုပ်ကို ပြန်၀င်မှာ မဟုတ်ဘူးလို့လည်း တစ်ချို့က ပြောပါတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အပြတ်အသတ်အနိုင်ရခဲ့သည့် ပြီးခဲ့သည့် နို၀င်ဘာ ရွေးကောက်ပွဲအတွင်း မဲမသမာမှု ရှိခဲ့၍ဟု ဆိုပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့သည်။ စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံတွင် ဆန္ဒပြပွဲများကို ဖြစ်ပေါ်စေခဲ့သည်။

မြန်မာနိုင်ငံတွင် စက်ရုံတစ်ရုံ ပိုင်ဆိုင်သည့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဆူချတ် သရီရတ်၀က်တာနာက ပြောကြားရာတွင် လက်ရှိအချိန်တွင် ၎င်း၏ မြန်မာလုပ်သားအများအပြားသည် ဆန္ဒပြပွဲများတွင် ပါ၀င်ရန် ခွင့်ယူထားကြသည့်အတွက် ယခုအခါ ၎င်းတွင် အလုပ်သမားအင်အား အတော့်ကို နည်းပါးနေကြောင်း ပြောခဲ့သည်။

“ဒါတင်မကဘူး၊ ခုဆိုရင် ကုန်ပစ္စည်းပို့တဲ့ ကုန်ကား အများအပြားဟာ မြန်မာဘက်ခြမ်းမှာ ပိတ်မိနေပါတယ်၊ လမ်းတွေ ပိတ်နေတဲ့အတွက် ထိုင်းဘက်ကို ပြန်လာလို့ မရဘဲဖြစ်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“တကယ်လို့များ အခြေအနေတွေက အဓိကရုဏ်းတစ်ခုအထိ ရောသွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ထိုင်း စီးပွားရေးလုပ်ငန်းတွေအပေါ် အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly