အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး သံဃာတော် အပါး ၁၀၀ အမေရိကန်သံရုံးရှေ့မှာ ဆုတောင်းမေတ္တာပို့

အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး သံဃာတော် အပါး ၁၀၀ အမေရိကန်သံရုံးရှေ့မှာ ဆုတောင်းမေတ္တာပို့

စစ်အုပ်ချုပ်ရေးသစ်ကို ဆန့်ကျင်မှုတွေ ပြင်းထန်လာနေပြီး ကုလသမဂ္ဂကလည်း ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားချိန် ရန်ကုန်က အမေရိကန်သံရုံးရှေ့မှာ သံဃာတော် အပါး ၁၀၀ ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ စုရုံးပြီး ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။

ဆယ်နှစ်တာ ဒီမိုကရေစီဖြစ်ထွန်းမှု အဆုံးသတ်သွားစေတဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် မကျေနပ်ချက်တွေနဲ့ အာခံတော်လှန်မှုတွေဟာ နိုင်ငံတစ်လွှားမှာ ပြင်းထန်စွာ ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေပါတယ်။ နိုင်ငံအနှံ့က မြို့တွေရဲ့ အချက်အချာနေရာတွေမှာ များပြားတဲ့ ပြည်သူတွေရဲ့ နေ့စဉ်နေ့တိုင်း ဆန္ဒပြမှုတွေကြောင့် နိုင်ငံဟာ ရပ်တန့်သလောက် ရှိနေပါတယ်။

ဆန္ဒပြသူတွေကို ဖမ်းဆီးမှုတွေ ရှိလာပြီး ဆန္ဒပြပြည်သူတွေကပဲ ဖမ်းဆီးမှုတွေ မထမြောက်အောင် လိုက်လံအရေးဆို လုပ်ဆောင်ကြတာကိုလည်း ကြားမြင်နေရပါတယ်။ ရဲက ဖမ်းဆီးဖို့ စိုင်းပြင်းနေပြီ သတင်းတွေကြောင့် ဆန္ဒပြမှု ခုနစ်ရက်မြောက် ညပိုင်းတော့ လူတွေဟာ ညမထွက်ရအမိန့်ကိုဖီဆန်ပြီး ဖမ်းဆီးမှုတွေကို တားဆီးနိုင်ဖု့ လမ်းပေါ် စုရုံးတာတွေလည်း ရှိနေပါတယ်။  

ပုသိမ်မြို့က လူသိများတဲ့ဆရာဝန်တစ်ယောက်ကို ဖမ်းဆီးတော့မယ်လို့ သတင်းတွေထွက်ခဲ့လို့ ဆေးရုံရှေ့မှာ လူတွေစုပြုံရောက်ရှိခဲ့ပါတယ်။ 

ဒေါက်တာသန်းမင်းထွဋ်က “ပြဿနာဖြစ်လာခဲ့ရင် အကူအညီတောင်းမှာပါ” လို့ သူ့ကိုကူဖို့လာတဲ့ လူအုပ်ကြီးကို ပြောခဲ့ပြီး အာဏာသိမ်းမှု ဖီဆန်တဲ့ အထိမ်းအမှတ် လက်သုံးချောင်းထောင်ပြခဲ့ပါတယ်။

ရန်ကုန်မြို့နေပြည်သူတွေလည်း သတင်းတွေထွက်နေတဲ့အတိုင်း လာရောက်ဖမ်းဆီးမှုတွေ ရှိလာခဲ့ရင် သတိပေးတပ်လှန့်ဖို့ ရပ်ကွက်စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့ကြဖို့ကို လူမှုမီဒီယာကနေ ဆော်ဩနေကြပါတယ်။  

ရပ်ကွက်စောင့်ရှောက်ရေးအဖွဲ့တွေက ဒန်အိုးဒန်ခွက်တွေတီးပြီး အသိပေးကာ လူတွေ စုရုံးပြီး ဖမ်းဆီးခံရမယ့်သူကို အကာအကွယ်ပေး တားဆီးနိုင်ဖို့အတွက် ဆော်ဩကြတာပါ။

“ဘယ်သူ အဖမ်းခံရမလဲဆိုတာ မသိပေမယ့် အချက်ပေးသံကြားတာနဲ့ ကျွန်တော်တို့တွေ အပြင်ထွက်ပြီး အိမ်နီးချင်းတွေ ပူးပေါင်းကြပါတယ်။ သေနတ်နဲ့ပစ်ရင်တောင် မကြောက်ဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက AFP ကို ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly