အာဏာသိမ်းအစိုးရဟု မရေးရန် သတင်းတိုက်များကို ပြန်ကြားရေး ဖိအားပေး

အာဏာသိမ်းအစိုးရဟု မရေးရန် သတင်းတိုက်များကို ပြန်ကြားရေး ဖိအားပေး
ဓာတ်ပုံ - ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်

သတင်းမီဒီယာတိုက်များ "အာဏာသိမ်းအစိုးရ"ဟု ရေးသားခြင်းမပြုရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲဖြင့် ညွှန်ကြားထားသည်။

စာကို စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခန့်အပ်ထားသော ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်ကိုယ်စား ဒုတိယအမြဲတမ်းအတွင်းဝန် မြင့်ကျော်က လက်မှတ်ရေးထိုးထားသည်။

စာတွင် နိုင်ငံတော်ကောင်စီအား '"မမှန်မကန်သုံးနှုန်းခြင်း" အပါအဝင် "လူထုဆူပုအုံကြွမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်ပေးသည့်လုပ်ရပ်များ မပြုလုပ်ရန်"ဟု ရေးသားထားသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က "အာဏာသိမ်းအစိုးရခေါ်တာ မကြိုက်ဘူးဆိုရင်လည်း အာဏာလုအစိုးရလို့ ပြောင်းခေါ်ကြတာပေါ့ကွာ"ဟု မှတ်ချက်ပြုသည်။

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရကို ဖမ်းချင်တိုင်းဖမ်းသည့် စစ်အစိုးရ၏ လုပ်ရပ်သည် ဥပဒေနှင့်ညီသလားဟု ဦးဇေယျာလှိုင်က မေးခွန်းထုတ်သည်။

"တရားမဝင်တဲ့အစိုးရ ငါတို့အသိအမှတ်မပြုတဲ့အစိုးရကို သူတို့ဘာပြောပြော ငါတို့ ဂရုစိုက်စရာမှ မလိုတာ။" ဟု သူက ပြောသည်။

ယင်းညွှန်ကြားစာကို သတင်းထောက်များက ဝေဖန်လျှက်ရှိသည်။ ဂျာနယ်လစ်များက ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားစာကို သတင်းမီဒီယာအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုပြုလုပ်သည်ဟု မှတ်ချက်ပြုကြသည်။ တချို့ကလည်း လက်ရှိစစ်အစိုးရအာဏာဖီဆန်ရေးလှုပ်ရှား (Civil Disobedience Movement) တွင် ပါဝင်သည့် ပြည်သူ့ဝန်ထမ်းများကို ဖမ်းဆီးသကဲ့သို့ ဆောင်ရွက်လာမည်ကို စိုးရိမ်မှုလည်းရှိနေသည်။

စာပါအကြောင်းအရာကို ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာကောင်စီက ထုတ်ပြန်သည့် ကျင့်ဝတ်မည်သည့် ပုဒ်မ စသဖြင့် အချက် (၅) ချက်ဖြင့် အသေးစိတ်ရေးသားထားသည်။ လတ်တလောတွင် သတင်းမီဒီယာများက အွန်လိုင်းများတွင် မမှန်မကန်ရေးသားမှုများရှိသည်ဟု စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly