ပုသိမ်မြို့ စစ်အာဏာဆန့်ကျင်ရေးသပိတ်တွင် တက်ကြွလှုပ်ရှားသူ ၂ ဦး ဖမ်းဆီးခံရ

ပုသိမ်မြို့ စစ်အာဏာဆန့်ကျင်ရေးသပိတ်တွင် တက်ကြွလှုပ်ရှားသူ ၂ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း ပုသိမ်မြို့ သပိတ်ကြောင်း၏ထိပ်ဆုံး၌ပါဝင်ခဲ့သော တက်ကြွလှုပ်ရှားသူနှစ်ဦးအား ဖေဖော်ဝါရီလ ၁၂ရက်နေ့ နံနက်ပိုင်း ဆန္ဒပြပွဲပြီး၍ လူစုခွဲပြီး အိမ်အပြန်လမ်း တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့် လူတစ်ဦး၏ ဖခင်က "ဒီကနေ့ဖြစ်နေတဲ့အတိုင်းအတာအပေါ်မှာ ပြည်သူအများစုရဲ့မလိုလားမှုတွေကိုဆန္ဒထုတ်ဖော်တဲ့နေရာမှာ ကလေး လူကြီး ရဟန်းနဲ့ ဝန်ထမ်း အကုန်ပါပါတယ်။ ဒါမျိုးထွင်းပြီးတော့ နောက်ကနေ ပေါ်ပေါ်ထင်ထင် ပွင့်ပွင့်လင်းလင်း ဘာအပြစ်ရှိလို့ ဘယ်အကြောင်းကြောင့် ဘယ်ဥပဒေအရ ဘယ်လို ဝရမ်းနဲ့ ဖမ်းပါတယ်ဆိုတာကို မသိရဘဲ တရားမဲ့ပြုကျင့်ပြီးတော့ ခေါ်သွားတာဟာ ပြည်သူတွေအတွက် အရမ်း နစ်နာပါတယ်။ ဖမ်းဆီးသွားတာ ဘယ်ကိုဖမ်းဆီးသွားတယ်။ ဘာအကြောင်းကြောင့် ဖမ်းဆီးတယ်၊ ဘယ်လိုအမိန်နဲ့ ဖမ်းဆီးသွားတယ်၊ ဘယ်သူက ဖမ်းဆီးခိုင်းတယ်၊ ဘယ်လိုပြစ်မှုမြောက်တယ်ဆိုတာ ကျွန်တော်တို့ သိချင်ပါတယ်။ မိသားစုတွေက အရမ်းပူပန်နေကြလို့ ဒါလေးကိုတော့ ကျွန်တော်တို့ကို ပြန်ပြီး အသိပေးပါလို့ တောင်းဆိုပါတယ်။"ဟု ပြောသည်။

"ကျန်ခဲ့တဲ့ သုံးရက်မြောက်နေ့ကတည်းက ညလယ်ဘက်ကြီး အိမ်တံခါးတွေကိုထု၊ အသံတွေ အသားကုန်အော်ပြီး လူကိုခေါ်လို့မရတော့ ရဲကားနှစ်စီးရယ် စစ်ကားတစ်စီးရယ် မောင်းထွက်သွားတာ အခုဒီနေ့ဖမ်းတယ်ဆိုတဲ့သတင်းကို ရတာပဲ။ ဖမ်းသွားတာ တော်တော်မြန်တယ်။ လူကို ညှပ်ခေါ်ပြီးတော့ ကားထဲကို ထိုးထည့်ပြီး မောင်းထွက်သွားလိုက်တာ။ နောက်က ဆိုင်ကယ်နဲ့နှစ်ယောက်က လိုက်တာ မမှီဘူး။ ဘယ်လိုမောင်သွားမှန်းမသိလိုက်ဘူး။ လောလောဆယ်ပုသိမ်ထောင်မှာလို့တော့ ပြောသံကြားတယ်။ အတည်ပြုလို့တော်မရသေးဘူး။ လိုက်စုံစမ်းတုန်းပဲ။"ဟု အခြားဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးမှပြောသည်။

၎င်းတို့နှစ်ဦး ဖမ်းဆီးခံရပြီး ဖေဖော်ဝါရီလ ၁၂ရက်နေ့ ညနေပိုင်းတွင် ပုသိမ်ထောင်ရှေ့သို့ ပုသိမ်မြို့ပေါ်မှ ပြည်သူများ စုပေါင်းရောက်ရှိကာ ထိုင်သပိတ်ပြုလုပ်၍ ဖမ်းဆီးခံထားရသူနှစ်ဦးအား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုသို့တောင်းဆိုနေစဉ်တွင် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရောက်ရှိလာကာ ၎င်းတို့အနေဖြင့် ဆန္ဒပြသူများနောက်သို့ လိုက်လံနေရသဖြင့် မည်သို့ဖမ်းဆီးသွားသည်ကို မသိရှိကြောင်းပြောခဲ့သည်။

ထို့အပြင် ပုသိမ် သပိတ်မှ ဖမ်းဆီးခံရသူ နှစ်ဦးလုံး ပုသိမ်ထောင်တွင်ရှိနေသည်ဆိုသော သတင်းမှာ သေချာမှုမရှိကြောင်းနှင့် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုသိရှိရမှူမရှိသေးကြောင်း ပုသိမ်မြို့ဒေသခံများမှပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly