ပြည်သူတွေ မထိခိုက်ဘဲ အာဏာသိမ်းခေါင်းဆောင်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့နိုင်ဖို့ အရေးကြီးလို့ ကုလ ပြော

ပြည်သူတွေ မထိခိုက်ဘဲ အာဏာသိမ်းခေါင်းဆောင်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့နိုင်ဖို့ အရေးကြီးလို့ ကုလ ပြော
Photo: EPA

မြန်မာနိုင်ငံက အာဏာသိမ်းမှုအပေါ် ဘယ်လို ဒဏ်ခတ်ပိတ်ဆို့မှုမျိုးမဆိုဟာ ကျူးလွန်သူတွေအပေါ်ပဲ သက်ရောက်စေအောင် ဂရုတစိုက် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ရမှာဖြစ်ပြီး ခုခံမှုကင်းမဲ့တဲ့ ပြည်သူတွေအပေါ် ထိခိုက်မှုဖြစ်စေမှာကို ရှောင်ရှားသင့်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ သတိပေးပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ် မြန်မာစစ်အာဏာသိမ်းမှုက စစ်ဗိုလ်ချုပ်တွေအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာအပြီး ဂျီနီဗာက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မိန့်ခွန်းပြောရာမှာ ကုလသမဂ္ဂ လက်ထောက်လူ့အခွင့်အရေးအကြီးအကဲ အမျိုးသမီးဖြစ်သူ နာဒါအယ်နာရှစ်က စိုးရိမ်ပူပန်ကြောင်း ခုလို ပြောဆိုပါတယ်။ 

“ချမှတ်ဖို့ စဉ်းစားနေတဲ့ ဘယ်လို ဒဏ်ခတ်ပိတ်ဆို့မှု မဆိုဟာ ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်လို့ ယုံကြည်ရတဲ့ တစ်ဦးချင်းစီကို သေချာဂရုတစိုက် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့နိုင်ရမှာ ဖြစ်ပါတယ်။”လို့ နာဒါအယ်နာရှစ်က ပြောပါတယ်။ 

အမေရိကန်နည်းသူ တခြားနိုင်ငံတွေဟာလည်း မြန်မာအာဏာသိမ်းမှုအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ စဉ်းစားသုံးသပ်နေကြပါတယ်။ 

“အာဏာသိမ်းခေါင်းဆောင်တွေကို ခုလို ပစ်မှတ်ထား အရေးယူတာမျိုးဟာ သင့်တော်ပါတယ်။ မြန်မာနိုင်ငံအတွင်းက ခုခံနိုင်မှုနည်းတဲ့ ပြည်သူတွေကို မထိခိုက်၊ မနစ်နာဖို့ကတော့ အလွန်ကို အရေးကြီးပါတယ်။”လို့ အယ်နာရှစ်က ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်ရဲ့ အာဏာသိမ်းမှုအပြီး မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရေးအတွက် ဗြိတိန်နဲ့ အီးယူရဲ့ အားချင်း တောင်းဆိုမှုနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအစည်းအဝေးကို မနေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

ဒီ အထူးအစည်းအဝေးမှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားခေါင်းဆောင်ပိုင်းတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required