ကုလလူ့အခွင့်အရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ အရပ်သားအုပ်ချုပ်ရေးပြန်ပေးဖို့ တောင်းဆို

ကုလလူ့အခွင့်အရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ အရပ်သားအုပ်ချုပ်ရေးပြန်ပေးဖို့ တောင်းဆို
Photo: EPA

ဖေဖော်ဝါရီ ၁၃

ဖေဖော်ဝါရီ ၁၂ ရက်မှာကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေး အထူးအစည်းအဝေးမှာ စစ်တပ်အနေအနေနဲ့ အရပ်သားအုပ်ချုပ်ရေးပြန်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ မဲမခွဲဘဲ ဆုံးဖြတ်ချက်ချ တောင်းဆိုလိုက်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့တောင်းဆိုမှုနဲ့ အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ စောင့်ကြည့်အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ အထူးအစည်းအဝေးတစ်ရပ်ကို သောကြာနေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပေမယ် ကုလဆိုင်ရာ မြန်မာ၊ ရုရှားနဲ့ တရုတ်ကိုယ်စားလှယ်တွေက ဆုံးဖြတ်ချက်ချမှတ်တဲ့အထဲ မပါဝင်ခဲ့ကြပါဘူး။ 

EU ကိုယ်စား ကုလဆိုင်ရာဩစတြီးယားအမြဲတမ်းကိုယ်စားလှယ် Elisabeth Tichy-Fisslberger က “ဒီဆုံးဖြတ်ချက်နဲ့အတူ မြန်မာလူမျိုးတွေရဲ့ လူ့အခွင့်အရေးကာကွယ်ဖို့က ကျွန်မတို့အတွက် အရေးကြီးပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

ကုလဆိုင်ရာဗြိတိန်အမြဲတမ်းကိုယ်စားလှယ် Julian Braithwaite ကလည်း “လူ့အခွင့်အရေးတွေအားလုံးကို ကာကွယ်ပေးဖို့ တာဝန်ရှိတာကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေတောင်းဆိုနေတဲ့ မြန်မာလူမျိုးတွေနဲ့အတူ ရပ်တည်ပါတယ်။ သူတို့ရဲ့ဆန္ဒတွေကို လေးစားရမှာဖြစ်ပြီး အာဏာသိမ်းမှုကို ပြောင်းပြန်လုပ်ပစ်ရပါမယ်” လို့ ပြောပါတယ်။

မြန်မာကိုယ်စားလှယ် ဦးမြင့်သူက “ဒီလိုဆုံးဖြတ်ချက်မျိုးကို လက်မခံနိုင်ပါဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်ချရာမှာ မပါဝင်ပါဘူး” လို့ ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ အကျွမ်းတဝင်ရှိတဲ့ တရုတ်နဲ့ရုရှားတို့က အထူးအစည်းအဝေးခေါ်ယူတာကိုလည်း ကန့်ကွက်ပြောဆိုခဲ့ကြပါတယ်။ 

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အရာတွေဟာ မြန်မာ့အရေးကိစ္စသာဖြစ်တယ်” လို့ တရုတ်ကိုယ်စားလှယ် Chen Xu က ပြောပါတယ်။

အမေရိကန်သံတမန် Mark Cassayre က အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထားတဲ့အရေးယူဒဏ်ခတ်မှုအပါအဝင် တာဝန်ခံမှုရှိစေဖို့အတွက်  အမေရိကန်နဲ့တခြားနိုင်ငံတွေနဲ့အတူ ကောင်စီအဖွဲ့ဝင်တွေ ပူးပေါင်းကြဖို့ တောင်းဆိုလိုက်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required