ပေကျင်း၏ တောင်တရုတ်ပင်လယ် လုပ်ဆောင်ချက်များက အင်ဒိုနီးရှားအတွက် စိတ်မသက်မသာဖြစ်စေ

ပေကျင်း၏ တောင်တရုတ်ပင်လယ် လုပ်ဆောင်ချက်များက အင်ဒိုနီးရှားအတွက် စိတ်မသက်မသာဖြစ်စေ

အင်ဒိုနီးရှား၏ ရေကြောင်းလုံခြုံရေးအကြီးအကဲက တရုတ်၏ ကမ်းခြေစောင့် ဥပဒေအသစ်သည် နှစ်နိုင်ငံအကြား အတိတ်ပင်လယ်တိုက်ပွဲမြေပြင်ဖြစ်ခဲ့သော နာတူနာကျွန်းစုများပတ်လည် အင်ဒိုနီးရှား၏ ပိုင်နက်ရေပြင်သို့ “အပိုသက်ရောက်သော ပဋိပက္ခ”ဖြစ်လာနိုင်သည့် အန္တရာယ်ကို ပိုမိုမြင့်မားစေသည်ဟု သတိပေးပြောကြားခဲ့သည်။

 “တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ပိုပြီး ကျူးကျော်လာနေပြီး ထိုရေပြင်တွေရှိ အကျိုးစီးပွားရှိ အဓိကနိုင်ငံများထံမှ တုံ့ပြန်မှုကို စဉ်းစားလျက်ရှိကာ ပဋိပက္ခ ပိုမိုဆိုးဝါးလာနိုင်ချေရှိသည်”ဟု Bakamla ဟု သိကြသော အေဂျင်စီ၏ ခေါင်းဆောင် Vice-Admiral Aan Kurnia က ယခုသတင်းပတ်အစောပိုင်း ပါလီမန်ကြားနာမှုတွင် ပြောကြားခဲ့သည်။

Aan သည် အခြားအရာများကြားမှ တရုတ်ကမ်းခြေစောင့် သင်္ဘောများအား တရုတ်၏ အပိုင်ဟု သတ်မှတ်ထားသော ရေပြင်တွင် နိုင်ငံခြား ကမ်းခြေစောင့်သင်္ဘာများမှ ခြိမ်းခြောက်မှုများကို ဆန့်ကျင်၍ သပိတ်မှောက်မှု ကြိုတင်ဖြေရှင်းခြင်းအပါအဝင် “လိုအပ်သောနည်းလမ်းအားလုံး”အသုံးပြုခွင့်ပေးသည့် တနင်္လာနေ့တွင် စတင်အသက်ဝင်သည့် ဥပဒေကို ရည်ညွှန်းနေခြင်းဖြစ်သည်။

 ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ၎င်းနှင့်ပတ်သတ်၍ တိုကျို၏ “ပြင်းပြသော စိုးရိမ်ပူပန်မှုများ”အား ထုတ်ဖော်ပြောကြားနေစဉ် ဖိလစ်ပိုင်သည် ဥပဒေနှင့် ပတ်သတ်၍ တရုတ်နှင့် သံတမန်ရေးရာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ပေကျင်းသည် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ကမ်းခြေစောင့် ဥပဒေအသစ်ကို ဓမ္မဓိဌာန်ကျကျ မှန်မှန်ကန်ကန် ရှုမြင်နိုင်ရန် မျှော်လင့်ကြောင်းနှင့် သူတို့သည် ၎င်းကိစ္စနှင့် ပတ်သတ်၍ “မလိုအပ်သော မှတ်ချက်များ”ပေးမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ကြာသပတေးနေ့က ပြောကြားခဲ့သည်။

တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများစွာသည် မြေပုံပေါ်တွင် U ပုံစံ ၉မျဉ်းကြောင်းနယ်နိမိတ်ရှိသော တောင်တရုတ်ပင်လယ်၏ စွမ်းအင်ပေါကြွယ်ဝသည့် ရေပြင်များအပေါ် ချဲ့ထွင်သော တောင်းဆိုမှုများအပေါ် ဆက်လက်ဖြစ်ပွားနေသော အငြင်းပွားမှုတွင် ပါဝင်နေဆဲဖြစ်သည်။

အင်ဒိုနီးရှားသည် တောင်တရုတ်ပင်လယ်အတွင်း မည်သည့် တောင်းဆိုချက်မှု မရှိသော်လည်း နာတူနာကျွန်းများအနီး ရေပြင်များအပါအဝင် အင်ဒိုနီးရှား၏ အထူးစီးပွားရေးဇုန်အတွင်း တရားဝင် အသိအမှတ်ပြုလံရသော နယ်မြေများနှင့် ပတ်သတ်၍ ပေကျင်း၏ တောင်းဆိုမှုများသည် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုများ၏ ဇစ်မြစ်ဖြစ်သည်။

ဗီယက်နမ်၏ EEZ တောင်ဘက်ပိုင်းသည် ကွျှန်းပေါင်း ၂၇၀ကျော် ကျွန်းစုများဖြစ်သည့် နာတူနာကျွန်းများနှင့် နယ်စပ်ထိနေသဖြင့် အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့သည် ရေကြောင်းနယ်နိမိတ်များ၏ ကန့်သတ်ချက်များအား ညှိနှိုင်းနေဆဲဖြစ်သည်။

Bakamla သည် နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေးရာ ညှိနှိုင်းရေးဝန်ကြီးဌာနလက်အောက်ရှိ အင်ဒိုနီးရှား လက်နက်ကိုင်တပ်ဖွဲ့၏ တစ်စိတ်တစ်ပိုင်းမဟုတ်သော်လည်း အင်ဒိုနီးရှား၏ အချုပ်အခြာအာဏာအပေါ် တရုတ်၏ တိုးပွားလာသော ခြိမ်းခြောက်မှုသည် အင်ဒိုနီးရှားစစ်တပ်၏ အဆင့်အတွင်းတွင် တွေ့မြင်နိုင်သည်။

အင်ဒိုနီးရှားစစ်တပ်အရာရှိများ၏ ထင်ရှားသော ဘွဲ့လွန်ကျောင်းဖြစ်သော Seskoad သို့မဟုတ် အင်ဒိုနီးရှား စစ်တပ် စစ်ဌာနချုပ်နှင့် အထွေထွေဝန်ထမ်းကောလိပ်၏ ဒီဇင်ဘာ ၂၀၂၀ စာစောင်ရှိ ဆောင်းပါးတစ်ပုဒ်တွင် “တရုတ်သည် Spratly ကျွန်းများရှိ အခြေစိုက်မှ ထိုကဲ့သို့သော တိုက်ခိုက်မှုများကို ဆောင်ရွက်ရန် ရည်ရွယ်ချက်နှင့် စစ်ရေးစွမ်းဆောင်ရည်များ ရှိသောကြောင့် နာတူနာကျွန်းများတွင် တရုတ်၏ စစ်ရေးတိုက်ခိုက်မှုများသည် လွန်စွာနီးကပ်နေပြီဖြစ်သည်”ဟု အဆုံးသတ်ထားသည်။

တရုတ်သည် Paracels နှင့် Spratlysဟု သိကြသော အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ် ကျွန်းကွင်းဆက်များတွင် “အုပ်ချုပ်ရေးနယ်မြေများ”တည်ထောင်ပြီးဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။ နှစ်ခုလုံးသည် ဟိုင်နန်ကျွန်းရှိ ဆန်ရှာမြို့၏ ရေကြောင်းထိန်းချုပ်မှုအောက်တွင် ရှိသည်ဟု ပြောကြားခဲ့သည်။

Paracels အား ဗီယက်နမ်က ၎င်း၏အပိုင်ဟု ဆိုထားသော်လည်း တောင်ဗီယက်နမ်တပ်များအား စွန့်ခွာစေကာ လူဒါဇင်ပေါင်းများစွာသေဆုံးခဲ့သည့် ၁၉၇၄ကျူးကျော်တိုက်ခိုက်မှုအပြီး တရုတ်က သိမ်းပိုက်ခဲ့သည်။ Spratlys ကိုမူ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့က အပိုင်ဟု ဆိုနေကြသည်။

 အကယ်၍ အင်ဒိုနီးရှားအစိုးရသည် ဒေသတွင်း ရေနံသိုက်မှ သဘာဝဓာတ်ငွေ့အရည်(LNG) ပူးတွဲ ထုတ်လုပ်ရန် တရုတ်ဩ တောင်းဆိုချက်အား လိုက်လျောခြင်းမရှိပါက တရုတ်သည် သဘာဝဓာတ်ငွေ့သိုက်များအား ဝင်ရောက်ရန် နာတူနာကျွန်းများအား သိမ်းပိုက်မည်ဟု သင်တန်းကျောင်းအတွင်း အမည်မသိ စာရေးဆရာများအဖွဲ့က ရေးသားခဲ့သည့် Seskoad စာစောင်ရှိ ဆောင်းပါးတွင် ဖော်ပြထားသည်။

၎င်းသိမ်းပိုက်မှုသည် Spratly ကျွန်းစုမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ ပင်လယ်ပိတ်ဆို့ခြင်း၊ တရုတ်စစ်သားများသည် ပင်လယ်တွင်း ကျောက်ချထားသည့် အဓိက စစ်သင်္ဘောမှ နာတူနာကျွန်းစုနှင့် အိမ်နီးချင်း Anambas ကျွန်းစုများသို့ သွားရောက်မည့် ကုန်းလမ်းရေလမ်း တိုက်ခိုက်ခြင်းဖြင့် အဆုံးမသတ်မီ “မဟာဗျူဟာကျသော ထောက်လှမ်းရေး စစ်ဆင်ရေးအဖြစ်အစချီသော မြန်ဆန် ကြီးမား တိကျသည့် လုပ်ဆောင်ချက်ဖြစ်မည်ဟု ဖော်ပြထားသည်။
 
ထိုသို့ဖြစ်ခြင်းမှ ကာကွယ်ရန် အင်ဒိုနီးရှားသည် သူ၏ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများအား အဆင့်မြှင့်တင်ရန်၊ ၎င်းစစ်ဌာနခွဲများ၏ စွမ်းဆောင်ရည်များ ပေါင်းစည်းရန်လိုကြောင်းနှင့် တပ်မတော်အနေဖြင့် အခြား အကြံပေးထားသော Anambas ကျွန်းစုတွင် သူ၏ အင်အားကို ပြသရန်လိုကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

သို့သော် လေ့လာသုံးသပ်သူများက ဆောင်းပါးအား စစ်တပ်အနေဖြင့် စစ်ပွဲဆင်နွှဲရန် ပြင်ဆင်ထားကြောင်း အရိပ်အမြွက်အဖြစ် အဓိပ္ပာယ်မကောက်ရန် သတိပေးခဲ့သည်။

“အရပ်သားတွေအတွက် ဆောင်းပါးက ကျူးကျော်ရေး အသိပေးချက်လို ဖြစ်နေနိုင်တယ်၊ ဒါပေမဲ့ စစ်တပ်အတွက်တော့ ပုံမှန်ပါပဲ”ဟု အင်ဒိုနီးရှား သိပ္ပံ အင်စတီကျုမှ ကာကွယ်ရေးသုတေသီ Muhammad Haripinက ပြောကြားခဲ့သည်။

ဆောင်းပါး၏ သတိပေးချက်သဘောသဘာဝသည် Seskoadကဲ့သို့ စစ်တပ်အဖွဲ့အစည်းများတွင် လေ့ကျင့်သင်ကြားနေသော စိတ်သဘောထားဖြစ်သည်ဟု သူက ဆိုခဲ့သည်။
Seskoad အပါအဝင် အင်ဒိုနီးရှား၏ စစ်တပ်ကျောင်းများသည် မကြာသေးမီနှစ်များအတွင်း အင်ဒိုနီးရှားနိုင်ငံ ကြုံတွေ့နိုင်ရနိုင်သည့် အဆိုးဆုံးအခြေအနေအတွက် ကျောင်းသားများက ပြင်ဆင်နေကြသည့် မဟာဗျူဟာကျ စဉ်းစားတွေးခေါ်မှု မူဘောင်ကို ကျင့်သုံးခဲ့သည်ဟု ဂျာကာတာအခြေစိုက် အကြံပေးအဖွဲ့ Democracy and Integrity for Peace Institute မှ စစ်ဆင်ရေး ဒုဥက္ကဌ Wibawanto Nugroho Widodo က ပြောကြားခဲ့သည်။

“စစ်တပ်ကျောင်းမှ ကျောင်းသားများသည် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်နှင့် ဒေသတွင်း လမ်းကြောင်းနှင့် အင်ဒိုနီးရှား အမျိုးသားလုံခြုံရေးမူဝါဒများ၏ အခြေခံစံနှုန်းဟု ယူဆရသော ယူဆချက်များအား ခွဲခြမ်းစိတ်ဖြာရသည်။ အဆိုးဆုံးအခြေအနေ ပေါ်ပေါ်လာပါက နိုင်ငံသည် မည်သို့လုပ်သင့်သည်ကို စဉ်းစားရသည်”ဟု သူက ပြောကြားခဲ့သည်။

စစ်တပ်သည် နိုင်ငံ၏ တစ်ခုတည်းသော အာဏာမဟုတ်သောကြောင့် Seskoad ဆောင်းပါးတစ်ပုဒ်တည်းနှင့် အင်ဒိုနီးရှား၏ နိုင်ငံခြားရေး သို့မဟုတ် စစ်ရေးမူဝါဒများအား ပုံဖော်နိုင်မည်မဟုတ်ဟု Muhammad က ထည့်သွင်းပြောကြားခဲ့သည်။

“စစ်တပ်၏ မူဝါဒများအား ဖော်ဆောင်ရန် စစ်တပ်အကြီးအကဲ၊ စစ်တပ် တပ်မှူး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် သမ္မတ ပါဝင်သည့် အဆင့်များစွာရှိသည်”ဟု Muhammad က ပြောကြားခဲ့သည်။

“Seskoad၏ အမြင်အား ယေဘုယျအားဖြင့် စစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရအကြား ကျယ်ကျယ်ပြန့်ပြန့် မျှဝေခြင်းရှိမရှိမှာ မသေချာ”ဟု သူက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် နာတူနာကျွန်းများရှိ ပိုင်နက်ရေပြင်အတွင်း ဝင်ရောက်လာသော နိုင်ငံခြား သင်္ဘောများ အထူးသဖြင့် တရုတ်နှင့် ဗီယက်နမ်လှေများအား တားဆီးရန် ပို၍ အလေးအနက်ထားသည်ဟူသော လက္ခဏာအရ ယခုနှစ်အစောပိုင်းတွင်  Bakamla ကင်းလှည့်လှေများတွင် စက်သေနတ်များ တပ်ဆင်ခဲ့သည်။

Bakamla သည် လက်နက်များတပ်ဆင်ပေးသည့်အတွက် ကျေးဇူးတင်သော်လည်း သေနတ်များသည် မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာဖြစ်ကြောင်း Aan က ပါလီမန်သို့ ပြောကြားခဲ့သည်။

စက်တင်ဘာလတွင် Bakamla သည် မြောက်နာတူနာပင်လယ်ရှိ တရုတ်ကမ်းခြေစောင့် သင်္ဘောအား မောင်းထုတ်ခဲ့သည်။ သို့သော် ၎င်းသည် ဂျာကာတာသည် ပေကျင်းအား ဆန္ဒပြမှုမှတ်ချက်တစ်ခု ပေးပို့ပြီးမှသာ ဖြစ်သည်။ တရုတ်၏ ကမ်းခြေစောင့် သင်္ဘောများသည် ၂၀၁၉ခုနှစ် ဒီဇင်ဘာတွင်လည်း နာတူနာရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

ပြီးခဲ့သည့်လတွင် Bakamlaသည် အင်ဒိုနီးရှားကျွန်းစု ပင်လယ်လမ်းကြောင်းမှ ဖြတ်သန်းသွားသော တရုတ် မြေပုံသင်္ဘောအား ကြားဖြတ်ခဲ့သည်။ သင်္ဘောသည် သူ၏ အလိုအလျောက် အသိအမှတ်ပြုမှု စနစ် (AIS)အား သုံးကြိမ် ပိတ်ခဲ့ပြီး ကပ္ပတိန်ကမူ စနစ်သည် ချို့ယွင်းနေသည်ဟု ဆိုခဲ့သည်။

နိုင်ငံခြားသင်္ဘောများအားလုံးကဲ့သို့ ပင်လယ်လမ်းကြောင်းအား ဖြတ်သန်းခွင့်ရှိသော်လည်း သင်္ဘောသည် ရေအောက်အာရုံခံကိရိယာများ လည်ပတ်ရန် AIS အား ပိတ်ထားခဲ့ခြင်းဟု သံသယရှိခဲ့ကြောင်း Aan က ပါလီမန်ကြားနာမှုတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly