ပရီးမီးယားလိဂ်ဘောလုံးပရိသတ်တွေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဗြိတိန်သံရုံးဆီ ချီတက်ဆန္ဒပြ

ပရီးမီးယားလိဂ်ဘောလုံးပရိသတ်တွေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဗြိတိန်သံရုံးဆီ ချီတက်ဆန္ဒပြ
Photo: AFP

ဖေဖော်ဝါရီ ၁၂  

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ခုနစ်ရက်မြောက်နေ့မှာ ရန်ကုန်မြို့က ပရီးမီးယားလိဂ်ဘောလုံးပရိသတ် ရာပေါင်းများစွာဟာ ဆူးလေကနေ ဗြိတိန်သံရုံးဆီ ချီတက်ပြီး မြန်မာ့အရေး နိုင်ငံတကာက အာရုံစိုက်အောင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။  

ဘောလုံးပရိတ်သတ်တွေက ‘ငါတို့ဟာ ပြိုင်ဘက်တွေဖြစ်ပေမယ့် ဒီမိုကရေစီအတွက် အတူတိုက်ပွဲဝင်ကြမယ်’ ဆိုတဲ့ စာတန်းတွေကိုလည်းကိုင်ဆောင်ထားကြပါတယ်။  

ဘောလုံးအသင်း ဂျာစီအင်္ကျီတွေဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေက ‘ရုံးတက်နေသူတွေ CDM မှာ ပူးပေါင်းပေးပါ’ ‘ စစ်အာဏာရှင် ကျဆုံးရေး ဒို့အရေး’ ‘လူငယ်တွေတောင် လမ်းပေါ်ရောက်ပြီ ခင်ဗျားတို့က ရုံးတက်တုန်းလား’ ဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။  

လီဗာပူးလ်ပရိသတ်တစ်ဦးကလည်း “မန်ချက်စတာထက် စစ်အာဏာသိမ်းမှုကို ပိုမုန်းတယ်” လို့ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပါတယ်။  

မန်ချက်စတာပရိသတ် ကိုဇော်နန္ဒက “အဖွဲ့အစည်းတွေ ဘောလုံးပရိသတ်တွေအနေနဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရန်အစရှိတဲ့ fan တွေအချင်းချင်း Fantasy Premier League မှာရှိတဲ့ fan တွေအချင်းချင်း နိုင်ငံကို ကယ်တင်ပေးဖို့ အကူအညီတောင်းထားပါတယ်။ နိုင်ငံ့အကြောင်းကို ကမ္ဘာသိအောင် တင်ပြပေးဖို့ တောင်းဆိုထားတယ်” လို့ ဆိုပါတယ်။  

ချယ်လ်ဆီးပရိသတ် ကိုနိုင်နိုင်က “ကျွန်တော်တို့ဟာ အနိုင်အရှုံးတွေမှာ အမြင်မတူ ကွဲပြားကြပေမယ့် အခုတော့ အားလုံးက ရည်ရွယ်ချက်တစ်ခုအောက်ကို ရောက်သွားကြပါတယ်။ နိုင်ငံက စစ်အာဏာသိမ်းမှုအောက် ရောက်သွားတာကို လက်မခံနိုင်ပါဘူး။ ပြည်သူတွေဖြစ်တဲ့အတွက် ရည်ရွယ်ချက် ခံစားချက်တူပြီး အထူးတလည်စုဆောင်းစရာမလိုဘဲ ညီညီညွတ်ညွတ်နဲ့ ပါဝင်လာကြတာပါ” လို့ပြောပါတယ်။ 

အာဆင်နယ်ပရိသတ် ကိုဖိုးနေက “ဘယ်ပြိုင်ပွဲမဆို သန့်သန့်ရှင်းရှင်း ပြိုင်စေချင်ပါတယ်။ မတရားသဖြင့် ဖိနှိပ် အနိုင်ကျင့်တာမျိုးကို ဘောလုံးလောကနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးက မကျေနပ်ပါဘူး၊ မကြိုက်ပါဘူးဆိုတာကို သတင်းစကား ပါးချင်ပါတယ်” လို့ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly