နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းမှုကို ဆန္ဒပြနေစဉ် မြန်မာစစ်တပ်က ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ 

နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းမှုကို ဆန္ဒပြနေစဉ် မြန်မာစစ်တပ်က ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ 

ဖေဖော်ဝါရီ ၁၂  

အမေရိကန်က အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ကြောင်း ကြေညာပြီးတဲ့နောက် နိုင်ငံတစ်ဝန်းမှာ ခုနစ်ရက်မြောက်အဖြစ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားနေစဉ်မှာပဲ မြန်မာစစ်တပ်ဟာ နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်မှာ ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနေတာကို နိုင်ငံပိုင်မီဒီယာကထုတ်လွှင့်ပြသခဲ့ပါတယ်။  

နိုင်ငံတစ်ဝန်းက ပြည်သူပေါင်းများစွာဟာ စစ်အာဏာသိမ်းမှုကို ပြန်စွန့်လွှတ်ဖို့ ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်ပါတယ်။ 

ယနေ့အချိန်ထိ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရေအမြောက်တွေနဲ့ ရာဘာကျည်ဆန်တွေသုံးပြီး ဆန္ဒပြမှုတွေကို နှိမ်နင်းခဲ့ကာ ကျည်ဆန်အစစ်နဲ့ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့လည်း တချို့သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ကျောင်းဆရာ/ဆရာမတွေ၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ လေကြောင်းထိန်းအရာရှိတွေအပါအဝင် အစိုးရဝန်ထမ်းတွေဟာ အာဏာရှင်အုပ်ချုပ်ရေးစနစ်အဆုံးသတ်ဖို့တောင်းဆိုကာ လမ်းလျှောက်ချီတက် ဆန္ဒပြနေကြပြီး စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆန္ဒပြဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ မေတ္တာရပ်ခံနေပါတယ်။ 

 အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာအပ်နှံထားတဲ့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကို စစ်တပ်က ထုတ်ယူအသုံးပြုခွင့်မရအောင်  ထိန်းချုပ်သွားမယ်လို့ ကြေညာပြီးတဲ့နောက် ကာကွယ်ရေးဦးစီးချုပ်နဲ့ တခြားထိပ်ပိုင်းအရာရှိတွေကို ပစ်မှတ်ထားပြီး ဖေဖော်ဝါရီ ၁၁ ရက်က အရေးယူဒဏ်ခတ်မှုအသစ်တွေ ထပ်မံချမှတ်လိုက်ပါတယ်။ 

စစ်တပ်အနေနဲ့ ဆန္ဒပြသူတွေအပေါ် ပိုမိုအကြမ်းဖက်တဲ့နည်းတွေ သုံးမယ်ဆိုရင် နောက်ထပ်အရေးယူမှုတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ယဲလန်က ပြောပါတယ်။  

ဖေဖော်ဝါရီ ၁၂ ရက်မှာ စုဝေးဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေစဉ်မှာပဲ အကျဉ်းသား ၂၃ ၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်တဲ့အကြောင်း  နိုင်ငံပိုင်မီဒီယာက ကြေညာခဲ့ပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ပြောဆိုချက်အရ စစ်အာဏာသိမ်းပြီးကတည်းက လူပေါင်း ၂၆၀ ထက်မနည်း ထိန်းသိမ်းခံထားရပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ နိုင်ငံ့ခေါင်းဆောင်တွေ မပါဘူးလို့ ဆိုပါတယ်။  

နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းဖို့ အကျဉ်းထောင် နေရာလွတ်အောင် ခုလို ရုတ်တရက်လွှတ်လိုက်တာလားလို့လည်း စိုးရိမ်မိတဲ့အကြောင်း AAPP က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly