လူမှုကွန်ရက်ပေါ်၌ မြန်မာစစ်တပ်၏ content ဖြန့်ဝေပျံ့နှံ့မှုအပေါ် ဖေ့ဘွတ်ခ် ထိန်းချုပ်ကန့်သတ်မည်

လူမှုကွန်ရက်ပေါ်၌ မြန်မာစစ်တပ်၏ content ဖြန့်ဝေပျံ့နှံ့မှုအပေါ် ဖေ့ဘွတ်ခ် ထိန်းချုပ်ကန့်သတ်မည်
Photo: EPA

ဖေဖော်၀ါရီ ၁၂

မြန်မာစစ်တပ်က စီမံထိန်းချုပ်နေသော ပေ့ချ်များ ၊ ပရိုဖိုင်များထံမှ content (အကြောင်းအရာ) ဖြန့်ဝေပျံ့နှံ့စေမှုများကို ဖေ့ဘွတ်ခ် (Facebook Inc.) က သိသိသာသာ လျှော့ချသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖေဖော်၀ါရီ ၁ ရက်က အာဏာသိမ်းမှု ဖြစ်ထားခဲ့ပြီးနောက်ပိုင်း စစ်တပ်၏ content ဖြန့်ဝေမှုကို သတင်းမှား (misinformation) ရင်းမြစ်တစ်ခုအဖြစ် ဖေ့ဘွတ်ခ် ဘက်က မှတ်ယူသဘောထားပြီး ယခုကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။

အမေရိကန် လူမှုကွန်ရက်များအနေဖြင့် ယေဘုယျအားဖြင့် နိုင်ငံရေး အငြင်းပွားမှုများတွင် တစ်ဘက်ဘက်သို့ ရွေးချယ်ထောက်ခံအားပေးမှု လုပ်ရန် ၀န်လေးလေ့ ရှိခဲ့သော်ငြား ဖေ့ဘွတ်ခ်သည် မြန်မာနိုင်ငံတွင် စစ်တပ်၏ ထုတ်ဖော်မှု အကြောင်းအရာများ ဖြန့်ဖြူးမှုကို တားဆီးရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

မြန်မာစစ်တပ်၏ သတင်းပြန်ကြားရေးအဖွဲ့နှင့် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ content ပျံ့နှံ့ ရောက်ရှိမှုအပေါ် အမေရိကန် ဆိုရှယ်မီဒီယာကုမ္ပဏီက ထိန်းချုပ်ဟန့်တားလျက် ရှိသည်။

“ဒီလိုမျိုး တူညီတဲ့ လုပ်ဆောင်ချက်ကို ကျွန်တော်တို့ရဲ့ သတင်းမှားဆိုင်ရာ မူ၀ါဒတွေကို ထပ်တလဲလဲ ချိုးဖောက်တဲ့ စစ်တပ်ထိန်းချုပ်တဲ့ နောက်ထပ် ပေ့ချ်တွေကိုလည်း ကျင့်သုံးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဖေ့ဘွတ်ခ်က ထုတ်ပြန်ခဲ့သည်။

“မြန်မာနိုင်ငံမှာ ဖေဖော်၀ါရီ ၁ ရက်က အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အဲဒီက မြေပြင်အခြေအနေတွေက မတည်မငြိမ် ဖြစ်နေဆဲပါ၊ ဖေ့ဘွတ်ခ်အနေနဲ့ ဒီဖြစ်ရပ်တွေနဲ့ ကိုက်ညီအောင် လိုက်လျောညီထွေ ပြင်ဆင်လုပ်ဆောင်နေပါတယ်” ဟု အာရှပစိဖိတ် ထွန်းသစ်စ နိုင်ငံများဆိုင်ရာ မူ၀ါဒ ညွှန်ကြားရေးမှူး ရာဖေးလ် ဖရန့်ကယ်က ပြောခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရသည် မြန်မာတွင် စစ်အာဏာသိမ်းမှုအပေါ်  အလျင်အမြန် ရှုတ်ချခဲ့ပြီး စစ်တပ်‌ခေါင်းဆောင်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လုပ်ဆောင်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူ အမြောက်အမြားသည် စစ်တပ် အမိန့်ညွှန်ကြားချက်တစ်ရပ်ကို ဖီဆန်ရင်း လမ်းများပေါ် ထွက်ကာ ဆန္ဒပြနေကြပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်များ ပြန်လွတ်ရေး တောင်းဆိုနေကြသည်။ စစ်တပ်သည် သူမ၏ လက်ထောက်များကို ထပ်မံထိန်းသိမ်းခဲ့ရင်း တုံ့ပြန်ထားခဲ့သည်။

လက်ရှိ အခြေအနေကို အရေးပေါ် အခြေအနေတစ်ခုအဖြစ် သဘောထားလျက် ရှိပြီး ခြိမ်းခြောက်မှုတိုင်းကို အလျင်အမြန် တုံ့ပြန်နိုင်ရန် မူရင်းဒေသဘာသာစကား ကျွမ်းကျင်သည့် မြန်မာနိုင်ငံသားများအပါအ၀င် အရင်းအမြစ်များကို ဖြန့်ကျက်လုပ်ဆောင်နေသည်ဟု ဖေ့ဘွတ်ခ်က ပြောခဲ့သည်။ ကယ်လီဖိုးနီးယား Menlo Park မြို့အခြေစိုက် ကုမ္ပဏီအနေဖြင့် ယင်း၏ အက်ပလီကေးရှင်းများနှင့်၀န်ဆောင်မှုများတွင် ဝေမျှသော content များကြောင့် ဖြစ်စေမည့် အော့ဖ်လိုင်း ထိခိုက်နစ်နာမှုကို ကာကွယ်တားဆီးရန်နှင့် မြန်မာ ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဦးစားပေးလုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် နိုင်ငံ၏ နို၀င်ဘာ ‌ရွေးကောက်ပွဲတွင် ပြည်ပ စွက်ဖက်မှု သို့မဟုတ် မသမာမှု ရှိခဲ့သည်ဆိုပြီး စွပ်စွဲနေသည့် သတင်းမှားများကို ဖယ်ရှားနေသလို အာဏာသိမ်းမှုနှင့်အတူ ဖယ်ရှားခံထားရသည့် နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ်များအတွက် ထပ်တိုး အကာအကွယ်များကို နေရာတကျ ထားရှိလုပ်ဆောင်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly