စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်းလေး ရေပေါ်သပိတ်

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်းလေး ရေပေါ်သပိတ်

မြန်မာနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ရာ တစ်နေရာဖြစ်တဲ့ အင်းလေးကန်မှာ ဆန္ဒပြသူ ရာပေါင်းများစွာဟာ လှေတွေနဲ့ စုရုံးကြပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မနေ့က ဆန္ဒပြကြပါတယ်။ 

ရှေးဟောင်းနယ်မြေ ပုဂံဒေသမှာလည်း ခရီးသွားကဏ္ဍက ပြည်သူတွေဟာ တစ်နိုင်ငံလုံး သပိတ်တောင်းဆိုချက်ဖြစ်တဲ့ civil disobedience မှာ ပါဝင်လာကြပါတယ်။ 

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ နိုင်ငံအနှံ့ဆန္ဒပြမှုတွေကို စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြာသပတေးနေ့မှာ သတိပေးလာပြီး ဆန္ဒပြသူတွေကို လုပ်ငန်းခွင် ပြန်ဝင်ဖို့နဲ့ ဒါမှမဟုတ်ရင် ထိထိရောက်ရောက် အရေးယူခံရမယ်လို့ အမိန့်ထုတ်လာပါတယ်။ 

ခုလို အမိန့်ထုတ်လာတာဟာလည်း အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားလိုက်တာကို ရှုတ်ချတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ခြောက်ရက်မြောက်နေ့မှာ ဖြစ်သလို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စစ်ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာပြီးနောက်မှာလည်း ဖြစ်ပါတယ်။ 

ဆန္ဒပြသူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြကြတာဖြစ်ပေမယ့် လုံခြုံရေးတပ်တွေဟာ သီတင်းပတ်အစောပိုင်းမှာ မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရေအမြောက်တွေ၊ ရာဘာကျည်တွေ သုံးပြီး ဖြိုခွင်းပါတယ်။ တစ်ချို့ ဆန္ဒပြပွဲတွေကို ကျည်စစ်သုံး ဖြိုခွင်းတာမျိုးတွေလည်း ရှိနေပါတယ်။ 

လက်ရှိမှာ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအာဏာ သုံးရပ်ကို ရယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြာသပတေးနေ့ ညနေပိုင်းမှာ အစိုးရဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ ပြောဆိုလာပါတယ်။ 

“မသမာတဲ့ လူတွေရဲ့ သွေးထိုးနှိုးဆော်မှုကြောင့် ဝန်ထမ်းအချို့ဟာ ကိုယ့်တာဝန်ကို ပျက်ကွက်နေကြပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။ 

“ထိရောက်တဲ့ အရေးယူမှုတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်။”လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစပြီး မခံမရပ်နိုင် မကျေနပ်စိတ်တွေ မြင့်တက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားတဲ့ NLD ပါတီ အကြီးအကဲတွေကို ပြန်လွှတ်ပေးရေး တောင်းဆိုလျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly