မြန်မာအာဏာသိမ်းမှုအတွက် ပစ်မှတ်ထားဒဏ်ခတ်သည့် စစ်ခေါင်းဆောင်များစာရင်း အမေရိကန် ထုတ်ပြန်

မြန်မာအာဏာသိမ်းမှုအတွက် ပစ်မှတ်ထားဒဏ်ခတ်သည့် စစ်ခေါင်းဆောင်များစာရင်း အမေရိကန် ထုတ်ပြန်
Photo: EPA

ဖေဖော်၀ါရီ ၁၂

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် စစ်တပ်အကြီးအကဲများပါ၀င်သည့် လူပုဂ္ဂိုလ် ၁၀ ဦးနှင့် လုပ်ငန်းအဖွဲ့အစည်း သုံးခုတို့အပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ကြောင်း အမေရိကန်အစိုးရက ဖေဖော်၀ါရီ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်၏ ယခု ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပါ၀င်သူများထဲတွင် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး၀င်း၊ ဒုသမ္မတအဖြစ် တာ၀န်ထမ်းခဲ့သည့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်၀င်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တို့ ပါ၀င်နေသည်။

နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့ခံရသူများမှာ ကာကွယ်ရေး၀န်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးအဖြစ် ခန့်အပ်ခံရသည့် ‌‌ရေတပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ တွဲဘက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲ၀င်းဦးတို့ ဖြစ်ကြသည်။

ထို့ပြင် လုပ်ငန်းအဖွဲ့အစည်း သုံးခုဖြစ်သည့် Myanmar Ruby Enterprise ၊  Myanmar Imperial Jade Co နှင့် Cancri (Gems & Jewellary) တို့ကိုလည်း အမေရိကန်က အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

“ဒီ အရေးယူပိတ်ဆို့မှုတွေကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရတဲ့ အစိုးရဆီကနေ အာဏာသိမ်းယူမှုကို ဦးဆောင်ပတ်သက်ခဲ့တဲ့ လက်ရှိ စစ်တပ်ခေါင်း‌ဆောင်တွေနဲ့ စစ်တပ်အရာရှိဟောင်းတွေကို အထူးပစ်မှတ်ထား လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်၊ ခု အရေးယူပိတ်ဆို့မှုတွေက မြန်မာပြည်သူတွေ ဒါမှမဟုတ် စီးပွားရေးအပေါ် ပစ်မှတ်မထားပါဘူး၊ မြန်မာပြည်သူတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အတိဒုက္ခတွေကို ပိုဆိုးမသွားစေအောင် ကျွန်တော်တို့ သေချာ ကြိုးစားလုပ်ဆောင်ထားခဲ့ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်၀ါရီ ၁ ရက်က ပါလီမန်လွှတ်တော်အသစ် အစည်းအ‌ဝေး ကျင်းပခါနီးဆဲဆဲတွင် စစ်တပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦး၀င်းမြင့် အပါအ၀င် အရပ်သားအစိုးရ ခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များ၊ ဂျာနယ်လစ်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly