တရုတ်က ဘီဘီစီရုပ်သံကို နိုင်ငံတွင်းထုတ်လွှင့်ခွင့် တားမြစ်

တရုတ်က ဘီဘီစီရုပ်သံကို နိုင်ငံတွင်းထုတ်လွှင့်ခွင့် တားမြစ်

ဖေဖော်ဝါရီ ၁၂  

တရုတ်အမျိုးသား ရေဒီယိုနဲ့ရုပ်မြင်သံကြားဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ (NRTA) က ဘီဘီစီရုပ်သံလွှင့်ချန်နယ်ရဲ့ အကြောင်းအရာတွေဟာ နိုင်ငံတွင်း သတင်းတင်ဆက်ခြင်းဆိုင်ရာစည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တဲ့အတွက် ထုတ်လွှင့်မှု ပိတ်သိမ်းလိုက်တယ်လို့ ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ 

သတင်းတွေဟာ မှန်ကန်မျှတသင့်ပြီး တရုတ်ရဲ့ အမျိုးသားအကျိုးစီးပွားကို အနှောင့်အယှက်မဖြစ်စေသင့်ဘူးဆိုတဲ့ ဖော်ပြချက်တွေအပါအဝင် တရုတ်နိုင်ငံအကြောင်းတင်ဆက်တဲ့ ဘီဘီစီသတင်းတွေဟာ  ရုပ်သံထုတ်လွှင့်မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာကို တွေ့ရှိတယ်လို့ NRTA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

ရှင်းကျန်းထိန်းသိမ်းရေးစခန်းက ဝီဂါအမျိုးသမီးတွေ နှိပ်စက်ခံရပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အကြောင်းကို ဖေဖော်ဝါရီ ၃ ရက်က ဘီဘီစီ ထုတ်လွှင့်ခဲ့ပြီးနောက် ခုလို နိုင်ငံတွင်းမှာထုတ်လွှင့်ခွင့် တားမြစ်လိုက်တာဖြစ်ပါတယ်။ 

NRTA အနေနဲ့ တရုတ်နိုင်ငံတွင်းမှာ ဘီဘီစီရုပ်သံကို ဆက်လက်ထုတ်လွှင့်ပြုတော့မှာ မဟုတ်ကြောင်းနဲ့ ရုပ်သံအက်ပလီကေးရှင်းကိုလည်း လက်မခံဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီ ပြောရေးဆိုခွင့်ရှိသူက “ဘီဘီစီဟာ ကမ္ဘာ့အယုံကြည်ရဆုံး ရုပ်သံထုတ်လွှင့်သူဖြစ်ပြီး ကမ္ဘာတစ်ဝန်းက သတင်းတွေကို မျှမျှတတနဲ့ ဘက်လိုက်မှုကင်းစွာ အကြောက်အရွံ့မရှိ မျက်နှာသာမပေးဘဲ တင်ဆက်ပေးနေတာပါ” လို့ ဆိုပါတယ်။ 

မျက်မြင်သက်သေခံချက်တွေအပေါ် အခြေခံကာ ကာလရှည်ကြာ စုံစမ်းပြီးနောက် ဘီဘီစီဟာ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်းကျန်းဒေသက ထိန်းသိမ်းရေးစခန်းတွေမှာ ရဲတွေနဲ့ အစောင့်တွေက ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာနဲ့ နှိပ်စက်မှုတွေ စနစ်တကျလုပ်ဆောင်နေတဲ့ဆိုတဲ့ စွပ်စွဲချက်တွေကို ထုတ်လွှင့်ခဲ့တာပါ။  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီရဲ့ စုံစမ်းမှုတွေဟာ မှားတယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။  

ရှင်းကျန်းဒေသဟာ အဓိကအားဖြင့် ဝီဂါမွတ်စလင်လူနည်းစု နေထိုင်ရာဒေသဖြစ်ပြီး မကြာသေးခင်နှစ်တွေအတွင်းက ခွဲထွက်သမားတွေရဲ့ မငြိမ်သက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ တရုတ်တပ်ဖွဲ့တွေ တပ်ဖြန့်ထားပြီး  လုံခြုံရေးတွေ တင်းကျပ်ထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly