၀န်ထမ်းများ အာဏာဖီဆန်လုပ်ရပ် CDM ပိုအားကောင်းလာ

11 February 2021
၀န်ထမ်းများ အာဏာဖီဆန်လုပ်ရပ် CDM ပိုအားကောင်းလာ

အင်္ဂါနေ့တုန်းက ဖမ်းဆီးပစ်ခတ်မှုတွေရှိခဲ့တဲ့ နေပြည်တော်မှာ မနေ့ ဗုဒဟူးနေ့မှာလည်း လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းက နေပြည်တော်ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းမှာ သေနတ်ကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကနေ ဗုဒဟူးနေ့ညအထိ အရေးပေါ်ကုသဆောင်မှာ ဆေးကုသမှုခံနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိကြောင်း မမြသွဲ့သွဲ့ခိုင်ရဲ့ အကိုက VOA ကို ပြောပြပါတယ်။ ရဲဖက်က အင်အားသုံးနှိမ်နင်းမှုတွေ ဖြစ်ပြီးတဲ့နောက်တနေ့ ဗုဒဟူးနေ့မှာ နိုင်ငံတဝှမ်း လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဆက်ရှိနေတာအပြင် စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ CDM movement လို့ခေါ်တဲ့ ဝန်ထမ်းတွေ အလုပ်မဆင်းဆန္ဒပြလှုပ်ရှားမှုဟာ တနေ့ထက်တနေ့ ပိုအားကောင်းလာနေပါတယ်။ နေရာတချို့မှာ အုပ်ချုပ်ရေးပိုင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းလာတာကို တွေ့ရပါတယ်။ ဒီလို ဆန့်ကျင်လှုပ်ရှားမှုတွေ ဖြစ်နေတဲ့ တချိန်တည်းမှာပဲ ကိုဗစ် ကပ်ဘေးအခြေအနေကလည်း ရင်ဆိုင်နေရဆဲပါ။ ကျန်းမာရေးဝန်ထမ်းတွေပါ အလုပ်မဆင်းဆန္ဒပြတာတွေရှိလာတာကြောင့်၊ ကိုရိုနာဗိုင်းရပ်ပိုးရှိမရှိ ဓါတ်ခွဲနမူနာယူ စစ်ဆေးမှုလုပ်ငန်းတွေလည်း အတော်များများ ရပ်ဆိုင်းနေရတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly