မသမာသူတွေကြောင့် နိုင်ငံ့ဝန်ထမ်းတွေ တာဝန်ပျက်ကွက်လို့ စစ်ခေါင်းဆောင်စွပ်စွဲပြန်

မသမာသူတွေကြောင့် နိုင်ငံ့ဝန်ထမ်းတွေ တာဝန်ပျက်ကွက်လို့ စစ်ခေါင်းဆောင်စွပ်စွဲပြန်
Photo: တပ်မတော်သတင်းမှန်ပြန်ကြားရေး/Facebook

ပြည်သူ့ဝန်ထမ်းသိန်းသောင်းချီနိုင်ငံတဝှမ်း စစ်အာဏာရှုင်အလိုမရှိကြောင်း လမ်းပေါ်ထွက် အာဏာဖီဆန်သည့်ဆန္ဒပြပွဲများဆင်နွဲနေချိန် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က "မသမာသူတချို့ ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်" တာဝန်ပျက်ကွက်နေဟု ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် စွပ်စွဲသည်။

A-4 စာမျက်နှာ ၄ ခုဝန်းကျင်ရှည်လျားသော တပ်ချုပ်မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် မဲစာရင်းအမှားကိစ္စနှင့် ကိုဗစ်ကာလ ပြည်သူများကျန်းမာအောင်နေသင့်ကြောင်းနှင့် အိန္ဒိယ၊ တရုတ်၊ ရုရှားအပြင် ကိုဗစ် ကာကွယ်ဆေး ထိုးနှံ ရေးကိစ္စများကို ရေးသားထားသည်။

သို့သော် နေပြည်တော်တွင် အသက် ၁၉ နှစ်အရွယ် မိန်းကလေး တစ်ဦးကို ရဲကပစ်သတ်ခြင်းနှင့်ပတ်သတ်ပြီး တလုံးတလေမျှပင် ဖော်ပြထားခြင်းမရှိပါ။ ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို တစ်အိမ်ဝင် တစ်အိမ်ထွက် ညအချိန်မတော်တွင် လိုက်လံဖမ်းဆီးသည်များကိုပြောဆိုခြင်း အလျဉ်းမရှိပေ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ လတ်တလောစာရင်းအရ စစ်အစိုးရက တစ်ပတ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသူ တစ်နိုင်ငံလုံးတွင် ၂၈၀ ဦးထက်မက ရှိနေသည်။

တိုင်းပြည်တွင်ဆန္ဒပြကြသည်ကို "ဒီနေ့အချိန်ကာလမှာ နိုင်ငံ့ဝန်ထမ်းအချို့ဟာ မသမာသူအချို့ရဲ့ သွေးထိုး လှုံ့ဆော်မှုတွေကြောင့် မိမိတို့ရဲ့လုပ်ငန်းခွင်တာဝန်များမှာ ပျက်ကွက်နေကြပါတယ်။"ဟု ပြစ်တင်ထားသည်။ ဆန္ဒပြသူသည့် လူစုလူဝေးများစုရုံခြင်းမပြုကြရန် တိုက်ရိုက်ပြောသည့်အစား ကိုဗစ်စည်းကမ်းနှင့်အညီ နေထိုင်ကြပါရန်ဟု ရေးသားထားသည်။ ၎င်းတို့ စစ်အစိုးရ အုပ်ချုပ်စဉ်တွင် လိုအပ်ချက်များရှိနေသော်လည်း လိုအပ်ချက်များကို ထပ်မံဖြည့်ဆည်းပေးမည်ဟု ဆိုထားသည်။

အာဏာသိမ်းသည့် စစ်ခေါင်းဆောင်များကို ဖီဆန်သောလှုပ်ရှားမှု Civil Disobedience Movenment (CDM)တွင် ကျန်ရှိနေသေးသည့် အစိုးရဝန်ထမ်းများပါဝင်လာရေးဆောင်ရွက်ချက်ကို "နည်းအမျိုးမျိုး အသုံးပြုပြီး နှောင့်ယှက်တားဆီးနေ"ဟု စွပ်စွဲထားသည်။  

ထို့ကြောင့် ၎င်းတို့အစိုးရအနေဖြင့် "ကြေညာချက်ထုတ်ပြန် တားဆီးတာတွေ၊ တိုက်တွန်းတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ထိထိရောက်ရောက်ဖြစ်စေဖို့ ဆက်လက်ဆောင်ရွက်သွားပါမယ်"ဟု စစ်အာဏာရှင် တပ်ချုပ် မင်းအောင်လှိုင်က ပြောဆိုထားသည်။ လုပ်ငန်းခွင်ဝင်ကြရန်လည်း သူက တိုက်တွန်းသည်။

တရက်တည်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်ပတ်သတ်သည့် သတင်းထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်ချက်တွင် စစ်အုပ်စုသည် ကော်မရှင်အဖွဲ့ဝင်များကို ဖမ်းဆီးကာ "မမှန်မကန်သက်သေခံစေရန်" ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့နှင့် ယနေ့ ၁၁ ရက်နေ့တို့တွင် သေနတ်ကိုင်ဆောင်ထားသော စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဆန္ဒပြရာတွင် ပါဝင်သော နာမည်ကြီးရှေ့နေများကို လိုက်လံဖမ်းဆီးသည့် ရုပ်သံဖိုင်များစွာ ထွက်ပေါ်လျက်ရှိသည်။

NLD ၏ ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲရလဒ်သည် အဆင့်ဆင့်အတည်ပြုဆောင်ရွက်ပြီးမှသာ ဖြစ်ပေါ်လာသည့် ရလဒ်ဖြစ်သောကြောင့် ယခုကဲ့သို့ "တရားမဲ့ဖမ်းဆီး ဖိအားပေး၊ ခြိမ်းခြောက်ကာ" ဆောင်ရွက်မည်ကို လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် တရားမဲ့ပြုကျင့်မှုများကို အမြန်ဆုံးရပ်တန့်ရန်လည်းတောင်းဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly