ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းအသစ်က လူ့အခွင့်အရေးများကို ချိုးဖောက်ရာကျကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ပြစ်တင်

ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းအသစ်က လူ့အခွင့်အရေးများကို ချိုးဖောက်ရာကျကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ပြစ်တင်
Photo: EPA

ဖေဖော်ဝါရီ ၁၁  

အာဏာသိမ်းစစ်အစိုးရသည် ၎င်းတို့ မနှစ်သက်သောအကြောင်းအရာများကို ပိတ်ပင်ရန်၊ အင်တာနက်ဝန်ဆောင်မှုပေးသူများကို ကန့်သတ်ရန်နှင့် အချက်အလက်များကို ကြားဖြတ်ယူရန် စသည်တို့ကို ခွင့်ပြုလုပ်ဆောင်သွားစေမည့် ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) ကို ဖေဖော်ဝါရီ ၉ ရက်က အဆိုပြုလိုက်ပြီး ထိုဥပဒေကြမ်းသည် လူ့အခွင့်အရေးများကို ချိုးဖောက်ရာကျမည်ဖြစ်ကြောင်း အရက်ဘက်အဖွဲ့အစည်းများက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။  

စစ်တပ်ကအာဏာသိမ်းပြီးနောက် တစ်ပတ်ကျော်အကြာ အင်္ဂါနေ့၌  အဆိုပြုဥပဒေများဖော်ပြထားသည့် စာမျက်နှာ ၃၆ မျက်နှာပါ ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) ကို မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအားလုံးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရကမ္ပဏီများအားလုံးသို့ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။  

“အဲဒီဥပဒေကြမ်းဟာ လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်ကာကွယ်မှု အပါအဝင်လူ့အခွင့်အရေးတွေ၊  အွန်လိုင်းပေါ်က လူ့အခွင့်အရေးနဲ့ တခြား ဒီမိုကရေစီဆိုင်ရာ အခြေခံမူတွေကို ချိုးဖောက်တဲ့ ပုဒ်မတွေ ပါဝင်နေပါတယ်” ဟု အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၅၀ ကျော်က လက်မှတ်ရေးထိုးထားသည့် ထုတ်ပြန်ချက်၌ ပါရှိသည်။  

ရိုက်တာက ရရှိထားသော အဆိုပါဥပဒေကြမ်းမိတ္တူ၌ ၎င်းသည် ပြည်သူအား ကာကွယ်ရန်၊ နိုင်ငံ သို့မဟုတ် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေသော အီလက်ထရောနစ်နည်းပညာအသုံးပြုမှုနှင့် ရာဇဝတ်မှုများကို ကာကွယ်ရန်ရည်ရွယ်သည်ဟု ဆိုသည်။ အင်တာနက်ဝန်ဆောင်မှုပေးသူများအနေဖြင့် ညစ်ညမ်းရုပ်ပုံစာပေကဲ့သို့သော မြန်မာ့ယဉ်ကျေးမှုနှင့်မသင့်လျော်သော အကြောင်းအရာ၊ သို့မဟုတ် မမှန်မကန်သောသတင်းများနှင့် ကောလာဟလများ၊ စည်းလုံးမှုနှင့်တည်ငြိမ်မှုကို ပျက်စီးစေသော အမုန်းတရားဖြစ်စေသော အကြောင်းအရာများကို ဖယ်ရှားတားဆီးရမည် ဟု ဆိုသည်။  

အာဏာသိမ်းပြီး ရက်ပိုင်းအကြာ၌ မြန်မာစစ်အစိုးရသည် ဝေဖန်သူများက ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့သည့် ဖေ့စ်ဘွတ်၊ တွစ်တာနှင့် တခြားလူမှုမီဒီယာပလက်ဖောင်းများကို ဖယ်ရှားခဲ့သည်။ အင်တာနက်ကိုလည်း တစ်ရက်ခန့်ပိတ်ပင်ခဲ့သော်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆယ်စုနှစ်ကျော်အတွင်း အကြီးမားဆုံး ဆန္ဒပြမှုများကို မတားဆီးနိုင်ခဲ့ပေ။  

အာဏာသိမ်းစစ်အစိုးရသည် အတိုက်အခံများ၏စည်းရုံးသိမ်းသွင်းမှုကို တားမြစ်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု အရက်ဘက်အဖွဲ့အစည်းများက ပြောသည်။  

မြန်မာနိုင်ငံသည် ၁၉၆၂ မှ ၂၀၁၁ ခုနှစ်အတွင်း စစ်အစိုးရလက်အောက်၌ ကမ္ဘာ့အထီးကျန်ဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် အရပ်သားအများစုပါဝင်သည့်အစိုးရကြောင့် ထိုအဖြစ်မှ စတင်လွတ်မြောက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly