မြန်မာပိုင် ဒေါ်လာတစ်ဘီလီယံကို စစ်ခေါင်းဆောင်များသုံးစွဲခွင့်မရှိရန် အမေရိကန်ထိန်းသိမ်း

မြန်မာပိုင် ဒေါ်လာတစ်ဘီလီယံကို စစ်ခေါင်းဆောင်များသုံးစွဲခွင့်မရှိရန် အမေရိကန်ထိန်းသိမ်း

အမေရိကန်နိုင်ငံတွင် မြန်မာအစိုးရပိုင်ဆိုင်သော ကန်ဒေါ်လာ တစ်ဘီလီယံကို စစ်ခေါင်းဆောင်များ မလျော်မကန် အသုံးပြုနိုင်ခြင်းမရှိအောင် ထိန်းသိမ်းထားသွားမည်ဖြစ်ကြောင်း ကန်သမ္မတ ဂျိုးဘိုင်က ဖေဖော်ဝါရီ ၈ ရက်နေ့ အိမ်ဖြူတော် မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

စစ်အာဏာသိမ်းမှုတွင် တာဝန်ရှိသောစစ်ခေါင်းဆောင်များကို အရေးယူပိတ်ဆို့မှုများဆောင်ရွက်သွားမည် ဖြစ်ပြီး၊ အာဏာသိမ်းရန် အမိန့်ပေးခဲ့သော စစ်ခေါင်းဆောင်များ၏ မိသားစုဝင်များ၊ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပိတ်ဆို့ရန် အထူးအမိန့်ကိုလည်း လျင်မြန်စွာအတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောသည်။

လေးမိနစ်ဝန်းကျင်ကြာသည့် သူ့မိန့်ခွန်းတွင် ထိန်းသိမ်းခံထားရသော နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းပြန်လွှတ်ရန် ထပ်မံတိုက်တွန်းထားပြီး အာဏာကို လူထုရွေးချယ်တင်မြောက်ထားသောအစိုးရဆီကို ပြန်အပ်ရန် သတိပေးထားသည်။ ဒီမိုကရေစီလိုလားသူများက ဆန္ဒပြတောင်းဆိုသည်ကို အကြမ်းဖက်သည့်နည်းဖြင့် ဖြိုခွင်းသည်မှာ လက်ခံနိုင်စရာမရှိကြောင်းပြောသည်။

မြန်မာနိုင်ငံအရေးနှင့်ပတ်သတ်ပြီး ဂျိုးဘိုင်ဒင်နှင့် အမေရိကန်အထက်လွှတ်တော်အမတ် မတ်ကောနဲလ်၏ အဖွဲ့နှင့်လည်းဆွေးနွေးတိုင်ပင်ထားပြီး နိုင်ငံတကာမဟာမိတ်များနှင့် နီးကပ်သောဆက်သွယ်မှုများရှိကြောင်း ဂျိုးဘိုင်ဒင်က ပြောသည်။ နိုင်ငံတကာတုန့်ပြန်မှုဖြစ်ပေါ်စေရန် အထူးသဖြင့် အင်ဒိုပစိဖိတ်ဒေသမှ ထိရောက်မှုအားကောင်းသော နိုင်ငံတကာ သံတမန်အကူအညီများ ပူးပေါင်းလုပ်ဆောင်ချက်များရယူဆောင်ရွက်သွားမည်ဟုထည့်သွင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly