မြောက်ကိုရီးယားခေါင်းဆောင်ကင်က သူ၏ထိပ်တန်းအရာရှိကို ရာထူးချ၍ စုပေါင်းလယ်ယာသို့ ပို့ခဲဟုဆို

မြောက်ကိုရီးယားခေါင်းဆောင်ကင်က သူ၏ထိပ်တန်းအရာရှိကို ရာထူးချ၍ စုပေါင်းလယ်ယာသို့ ပို့ခဲဟုဆို

ဆိုးလ်၊ နိုဝင်ဘာ -၂၄ ။           ။ နိုဝင်ဘာ ၂၄ရက်နေ့က ဆိုးလ်၏ ထောက်လှမ်းရေးအေဂျင်စီက လွှတ်တော်အမတ်များကို ပြောကြားချက်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သူ၏ ထိပ်တန်း တွဲဖက်အရာရှိကြီးများထဲမှ တစ်ယောက်ကို ရာထူးချပြီး ကျေးလတ် စုပေါင်းလယ်ယာတစ်ခုသို့ စေလွှတ်ခဲ့သည်ဟု ယူဆရသည်ဟု ဆိုသည်။

ဤသတင်းသာ အတည်ဖြစ်ခဲ့ပါက ချိုးရောင်ဟဲကို ရာထူးချမှုမှာ ကင်က စီစဉ်ညွှန်ကြားခဲ့သည့်ဖြုတ်ထုတ်သတ်မှုများအတွင်း လတ်တလောအကျဆုံးပင်ဖြစ်ပြီး အာဏာချုပ်ကိုင်မှုကို ထပ်တိုးပြီး ခိုင်မာအောင်လုပ်လိုက်ခြင်းပင်ဖြစ်သည်ဟု ဝေဖန်သုံးသပ်သူများက ပြောကြားသည်။

အဆိုပါသတင်းကို အမျိုးသား ထောက်လှမ်းရေးဌာနက လွှတ်တော် ထောက်လှမ်းရေးကော်မတီ အဖွဲ့ဝင်များကို အသိပေးသည့် တံခါးပိတ်အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော်အမတ် ရှင်ကျွန်မင်းက ပြောကြားခဲ့သည်။

တံခါးပိတ်အစည်းအဝေးအတွင်း ရှင်၏ရုံးက အသိပေးလာသည့် သတင်းတွင် နိုဝင်ဘာအစောပိုင်းက ချိုးကို ပြန်လည်ပညာပေးရန်အတွက် စုပေါင်းလယ်ယာသို့ စေလွှတ်လိုက်ပြီဖြစ် သည်ဟု ထောက်လှမ်းသိရှိရကြောင်း အမျိုးသားထောက်လှမ်းရေးဌာနက ပြောကြားခဲ့သည်ဟု ဆိုသည်။    

ချိုးကို ရာထူးချမှုမှာ ဓာတ်အားပေးစက်ရုံတွင် ရေဥမင်လှိုဏ်ခေါင်းတစ်ခု ပြိုကျသွားမှုနှင့် ဆက်နွယ်နေသည်ဟုလည်း NIS က ပြောကြားခဲ့သည်ဟု ဆိုသည်။ ချိုးမှာ မြောက်ကိုရီးယား၏ အရှေ့မြောက်ပိုင်း ရန်းဂန်းပြည်နယ်တွင် ဓာတ်အားပေးစက်ရုံကို တာဝန်ယူ တည်ဆောက်နေသူပင်ဖြစ်သည်။

ချိုးကို ၂၀၁၃ခုနှစ်က ကင်၏ဦးလေး ဂျန်ဆုန်သက် ကွက်မျက်ခံရပြီးနောက်ပိုင်းတွင် မြောက်ကိုရီးယား၏ နံပါတ်၂ သြဇာအကြီးဆုံးအရာရှိအဖြစ် သတ်မှတ်ခဲ့ကြဖူးသည်။

သို့ရာတွင် ၂၀၁၄ခုနှစ် ဧပြီလတွင် သူ၏ ကိုရီးယားပြည်သူ့စစ်တပ် ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်ရာထူးကို ယခုအခါ မြောက်ကိုရီးယား၏ နံပါတ်၂အဖြစ် အများက သတ်မှတ်ထားကြသည့် ဟွမ်ပြုံဆိုထံသို့ လွှဲပြောင်းပေးအပ်လိုက်သည့်အခါတွင် ချိုး၏သြဇာမှာ လုံးပါးပါးလာခဲ့သည်ဟု ယူဆရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly