အမေရိကန်က မြန်မာစစ်တပ်ခေါင်းဆောင်များကို ဒဏ်ခတ်ပိတ်ဆို့ပြီး အာဏာစွန့်လွှတ်ရန် ထပ်မံတောင်းဆို

အမေရိကန်က မြန်မာစစ်တပ်ခေါင်းဆောင်များကို ဒဏ်ခတ်ပိတ်ဆို့ပြီး အာဏာစွန့်လွှတ်ရန် ထပ်မံတောင်းဆို
Photo: EPA

ဖေဖော်၀ါရီ ၁၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မြန်မာစစ်တပ်ခေါင်းဆောင်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖေဖော်၀ါရီ ၁၀ ရက်က ကြေညာခဲ့ပြီး တစ်ဆက်တည်းမှာလည်းပဲ အာဏာသိမ်းထားသည့် မြန်မာစစ်တပ် အာဏာပြန်စွန့်လွှတ်ရေးကို တောင်းဆိုသွားခဲ့သည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့၌ ပဥ္စမ‌မြောက်နေ့အဖြစ် လူပေါင်းသိန်းချီ လမ်းများပေါ် ထွက်ကာ ဒီမိုကရေစီစနစ်ဆီ ပြန်သွားရေးအတွက် တောင်းဆိုခဲ့ကြပြီးနောက် အမေရိကန်က ယခုကဲ့သို့ မြန်မာစစ်တပ်အပေါ် အရေးယူမှု ဆောင်ရွက်ချက်များကို ကြေညာခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၌ ဆန္ဒပြမှုအပေါ် ပိတ်ပင်ကန့်သတ်ချက် ရှိနေလင့်ကစား ပြည်သူ အမြောက်အမြားတို့သည် လမ်းများပေါ် ထွက်ကာ ဆန္ဒထုတ်ဖော်ကြရင်း ပြီးခဲ့သည့်အပတ်က အာဏာသိမ်းမှုနှင့်အတူ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်‌မြောက်ရေးအတွက် တောင်းဆိုခဲ့ကြသည်။

အာဏာပိုင်များဘက်မှ နေရာဒေသတစ်ချို့တွင် ဆန္ဒပြလူအုပ်စုများကို မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်များဖြင့် လူစုခွဲခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကိုလည်း နှောင့်ယှက်ဒုက္ခပေးမှုများကို တိုးမြင့်လုပ်ဆောင်ခဲ့ပြီး နောက်တစ်နေ့တွင်လည်း ဆန္ဒပြသူများသည် အဓိကရုဏ်းရဲများကို ရဲရင့်စွာ ဆက်လက်ရင်ဆိုင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြို့တော် နေပြည်တော်၌ ဆန္ဒပြပွဲတစ်ခုအတွင်း လုံခြုံရေးရဲများဘက်မှ ကျည်အစစ်သုံး ပစ်ခတ်မှု ရှိခဲ့ပြီး နိုင်ငံတ၀န်း လွှမ်းမိုးခဲ့သည့် ဆန္ဒပြမှုများအပေါ် ရုတ်ခြည်း အင်အားသုံး တုံ့ပြန်မှု အရှိန်မြင့်တက်ခဲ့ပြီးနောက် ယင်းကဲ့သို့ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုများ ပေါ်ပေါက်ခဲ့သည်။

အမေရိကန်သမ္မတ ဘိုင်ဒင်က ဒဏ်ခတ်ပိတ်ဆို့မှု ဆောင်ရွက်ချက်များ ထုတ်ပြန်ရာတွင် အမေရိကန်တွင် ရှိနေသည့် မြန်မာအစိုးရ၏ ရန်ပုံငွေ ဒေါ်လာ တစ် ဘီလီယံကို မြန်မာစစ်ဗိုလ်ချုပ်များ မတရားသဖြင့် ရယူမှုကနေ တားဆီးဟန့်တားသွားမည်ဖြစ်ကြောင်း ပြောခဲ့သလို နောက်ထပ် အရေးယူဒဏ်ခတ်မှုအသစ်များကို မကြာမီ ထပ်မံထုတ်ပြန်မည်ဟုလည်း ပြောခဲ့သည်။

“ခုချိန်မှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦး၀င်းမြင့် အပါအ၀င် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ချက်ချင်း ပြန်လွှတ်ဖို့ မြန်မာစစ်တပ်ကို ကျွန်တော့်ဘက်က ထပ်ပြီး တောင်းဆိုတယ်” ဟု ဘိုင်ဒင်က ပြောခဲ့သည်။

“စစ်တပ်အနေနဲ့ အာဏာကို ပြန်စွန့်လွှတ်ရပါလိမ့်မယ်”

နေပြည်တော် ဖြစ်စဥ်၌ လူနှစ်ဦး အပြင်းအထန် ဒဏ်ရာများ ရခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီးတစ်ဦးသည် ပစ်ခတ်ခံရပြီး ဦးခေါင်းတွင် ကျည်ထိမှန်ခဲ့သည်။

သူမ အပစ်ခံရပြီးနောက် အချိန်အတောအတွင်း သူမ၏ အခြေအနေကို ဖော်ပြထားသည့် ပုံရိပ်များ အွန်လိုင်းပေါ် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိခဲ့ရာ သူမအတွက် ပူဆွေး၀မ်းနည်းမှုနှင့် အမျက်ဒေါသထွက်မှုများ ရှိခဲ့သည်။

“သူတို့အနေနဲ့ အမျိုးသမီးငယ်လေးတစ်ဦးကို ပစ်လို့ ရနိုင်ပေမယ့် သူတို့အနေနဲ့ အလျှော့မပေးဖို့သန္နိဋ္ဌာန်ချထားတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ခိုးယူလို့ မရနိုင်ပါဘူး” ဟု ကုလ အထူး စုံစမ်းစစ်ဆေးရေးမှူး တွန် အန်ဒရူးစ်က ဖေဖော်၀ါရီ ၁၀ ရက်တွင် တွစ်တာတွင် ‌ရေးခဲ့သည်။

ယခုကဲ့သို့ ဘိုင်ဒင်၏ ပြောဆိုချက်များ မတိုင်မီကလည်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူ၀ါဒ အကြီးအကဲ ဂျိုးဆက် ဘောရဲလ်ကလည်း အီးယူအုပ်စုအနေဖြင့် မြန်မာစစ်တပ်အ‌ပေါ် ဒဏ်ခတ်မှုအသစ်များ ချမှတ်နိုင်ကြောင်း သတိပေးခဲ့သလို အရေးယူဆောင်ရွက်မှုတိုင်းကို ပြည်သူများအား မထိခိုက်စေရေး ရှောင်ပြီးမှ ပစ်မှတ်ထားသင့်ကြောင်း ပြောခဲ့သည်။

အမေရိကန်အနေဖြင့် ယခု အားထုတ်မှုများတွင် မိမိတို့နှင့်အတူ ပူးပေါင်းရေး အခြားနိုင်ငံများကို တိုက်တွန်းရန်အတွက် မိမိတို့၏  နိုင်ငံတကာ ပါတနာများနှင့် အတူ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required