ထိုင်းမှာ မြန်မာနည်းအတိုင်း သံပုံးတီးကာ တစ်နှစ်တာရဲ့ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြ

ထိုင်းမှာ မြန်မာနည်းအတိုင်း သံပုံးတီးကာ တစ်နှစ်တာရဲ့ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြ
Photo: AFP

ဖေဖော်ဝါရီ ၁၁  

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြမှုတွေ နှစ်လနီးပါးကြာရပ်နားနေရာကနေ ဗုဒ္ဓဟူးနေ့မှာတော့ ဘန်ကောက်ကဆန္ဒပြသူတွေဟာ လမ်းမပေါ် ပြန်ထွက်လာကြပြီး အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ နည်းဗျူဟာအတိုင်း သံပုံးတွေနဲ့ အိုးခွက်တွေ တီးကာ ဆန္ဒပြခဲ့ကြပါတယ်။  

တော်ဝင်အသရေဖျက်မှုဆိုင်ရာဥပဒေအရ စွဲချက်တင်ခံထားရတဲ့ ထင်ရှားတဲ့ ဒီမိုကရေစီခေါင်းဆောင် လေးဦးကို တရားရုံးက အာမခံပယ်ချပြီးနောက်တစ်ရက်မှာ ခုလို လူတွေစုဝေးပြီး ယခုနှစ်ရဲ့ ပထဆုံးအကြိမ်အဖြစ် ဆန္ဒပြခဲ့ကြတာပါ။ 

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်ကတည်းက ဒီမိုကရေစီလှုပ်ရှားမှု စတင်ခဲ့တာဖြစ်ပြီး ဆန္ဒပြသူ ၅၀ ထက်မနည်း တရားစွဲခံထားရကာ တော်ဝင်အသရေဖျက်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ အရ ထောင်ဒဏ် ၁၅ နှစ်အထိ ကျနိုင်ဖွယ်ရှိပါတယ်။  

ဆန္ဒပြသူတွေဟာ နိုင်ငံရဲ့ ဘုရင်စနစ်အုပ်ချုပ်ရေးကိုလည်း ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုရင်း ကာလရှည်ကြာကိုင်ဆွဲလာတဲ့ ဓလေ့ထုံးတမ်းတွေကို ချိုးဖောက်ခဲ့တာလည်း ဖြစ်ပါတယ်။  

ဗုဒ္ဓဟူးနေ့မှာတော့ ဆန္ဒပြသူ ထောင်ဂဏန်းခန့်ဟာ  ဘန်ကောက်မြို့လယ်မှာ စုဝေးခဲ့ကြပြီး အိုးတွေ ခွက်တွေတီးကာ ဝန်ကြီးချုပ် ပရာယွတ်ကို နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။  

ဆန္ဒပြခေါင်းဆောင် ပါနူဆာရာက “ဒီကနေ့ ဆန္ဒပြပွဲဟာ ဒီနှစ်တိုက်ပွဲရဲ့ ပထမဆုံးနေ့ဖြစ်ပါတယ်။ ဒီနှစ်ရည်မှန်းချက်က လမ်းမတွေပေါ် လူ သန်းပေါင်းများစွာ ထွက်လာစေဖို့နဲ့ လူတွေ ပိုထွက်လာရင် ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေ အမှန်တကယ်ဖြစ်လာမှာပါ” လို့ ပြောပါတယ်။ 

ဆန္ဒပြသူတွေဟာ ညပိုင်းမှာ အနီးက ရဲစခန်းတစ်ခုဆီ ချီတက်ခဲ့ကြပြီး ဆန္ဒပြသူအချို့ ထိန်းသိမ်းခံရတဲ့အတွက် စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။  

ထိုင်းဆန္ဒပြပွဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly