မြန်မာစစ်တပ်နှင့်အကြား လေယာဥ်အဆင့်မြှင့်တင်မှုဆိုင်ရာ သဘောတူစာချုပ် ‌ဟောင်ကောင်ကုမ္ပဏီ ဖျက်သိမ်း

မြန်မာစစ်တပ်နှင့်အကြား လေယာဥ်အဆင့်မြှင့်တင်မှုဆိုင်ရာ သဘောတူစာချုပ် ‌ဟောင်ကောင်ကုမ္ပဏီ ဖျက်သိမ်း

‌ဖေဖော်၀ါရီ ၁၀

ပြီးခဲ့သည့်အပတ်က အာဏာသိမ်းမှု လုပ်ဆောင်ခဲ့သည့် မြန်မာစစ်တပ်နှင့်အကြား ဆက်ဆံပတ်သက်မှုများ ဖြတ်တောက်ထားခဲ့ပြီ ဖြစ်ကြောင်း ဟောင်ကောင်ကုမ္ပဏီ HAECO Xiamen က ထုတ်ဖော်လိုက်သည်။

အဆိုပါ ဟောင်ကောင်ကုမ္ပဏီသည် မြန်မာစစ်တပ်အတွက် ကော်မာရှယ်လေယာဥ်တစ်စင်းကို VIP အထူးလေယာဥ်တစ်စင်းအဖြစ် အဆင့်မြှင့်တင်ပေးမည့် သဘောတူစာချုပ်တစ်ရပ်ကို အဆုံးသတ်ပယ်ဖျက်ထားခဲ့ပြီ ဖြစ်သည်။

မြန်မာစစ်တပ်နှင့် ဟောင်ကောင်ကုမ္ပဏီအကြားရှိ ထိုသဘောတူညီချက်ကိစ္စကို စနစ်ကျသော ရာဇ၀တ်မှုနှင့် ခြစားမှု သတင်းဖော်ထုတ်‌ရေး စီမံချက် Organized Crime And Corruption Reporting Project (OCCRP) ၏ စုံစမ်းစစ်ဆေးမှုတစ်ရပ်တွင် ထုတ်ဖော်ခဲ့ပြီးနောက် ဟောင်ကောင်ကုမ္ပဏီဘက်က ထိုသဘောတူညီချက်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက OCCRP သည် မြန်မာလေတပ် အကြီးအကဲ လက်မှတ်ထိုးထားခဲ့သည့် စာချုပ်တစ်ရပ်၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ရာ ယင်းထဲတွင် ဟောင်ကောင် ကုမ္ပဏီ HAECO Xiamen က Airbus A319 လေယာဥ်တစ်စင်းကို ကြိုးမဲ့အင်တာနက်၊ အသစ်အသစ်သော ဖျော်ဖြေရေးစနစ်များ အပါအ၀င် “ဗွီအိုင်ပီ အစီအစဥ်စနစ်များ” ဖြင့် အဆင့်မြှင့်တင်မွမ်းမံပေးရန် သဘောတူထားခဲ့သည်ကို ဖော်ထုတ်ပြသနေခဲ့သည်။

Aero Sofi ဟု ခေါ်သော မြန်မာကုမ္ပဏီတစ်ခုက ကြားခံဆောင်ရွက်သူအဖြစ် စီစဥ်ပေးခဲ့သည့် ပြင်ဆင်မွမ်းမံခြင်းဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်ပြီး အကြမ်းဖျင်းဖော်ပြထားသည့် ပြင်ပသို့ ပေါက်ကြားလာခဲ့သော အထောက်အထားများကို တက်ကြွလှုပ်ရှားသူအဖွဲ့ Justice For Myanmar (JFM) က OCCRP ထံ ပေးအပ်ခဲ့သည်။

HAECO သည် ဒီဇင်ဘာလ သတင်းစတိုရီအတွက် သဘောတူညီချက်နှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ သို့သော် ပြီးခဲ့သည့် ဖေဖော်၀ါရီ ၁ ရက်တွင် မြန်မာစစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် ဟောင်ကောင်ကုမ္ပဏီက ပြောကြားရာတွင် ယင်းအနေဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၈ သန်းတန် သဘောတူညီချက်ကို ဇန်န၀ါရီလက ဖျက်သိမ်းထားခဲ့ပြီဟု ပြောခဲ့သည်။

“လေယာဥ်တစ်စင်းနဲ့ပတ်သက်လို့ လုပ်ငန်းဆောင်ရွက်ဖို့အတွက် Aero Sofi လို့ ခေါ်တဲ့ မြန်မာကုမ္ပဏီတစ်ခုနဲ့အကြား သဘောတူညီချက်တစ်ခု ရှိခဲ့တယ်ဆိုတာကို HAECO အနေနဲ့ အတည်ပြုနိုင်ပါတယ်၊ ဒါပေမယ့် လေယာဥ်နဲ့ပတ်သက်လို့ ဘာလုပ်ငန်းမှ မဆောင်ရွက်ထားရသေးခင်မှာပဲ ပြီးခဲ့တဲ့လမှာပဲ အဲဒီစာချုပ်ကို ဖျက်သိမ်းထားခဲ့ပြီးပါပြီ” ဟု ကုမ္ပဏီက အီးမေးလ်တစ်စောင်တွင် ပြောခဲ့သည်။

အီးယူနိုင်ငံများတွင် ထုတ်လုပ်သည့် ပစ္စည်းကိရိယာများကို သိုမှီးစုဆောင်းမည့် တပ်မတော် ဟု သိကြသော မြန်မာစစ်တပ်၏ လုပ်‌‌ဆောင်ချက်များကို OCCRP ၏ စုံစမ်းစစ်ဆေးမှုက ဖော်ထုတ်ခဲ့သည်။ ပျံ့နှံ့နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို တုံ့ပြန်သောအားဖြင့် မြန်မာစစ်တပ်အပေါ် ဆယ်စုနှစ်များကြာ လက်နက်ကုန်သွယ်မှု ပိတ်ပင်ချက်ကို အီးယူက ၂၀၁၈ တွင် တိုးမြှင့်ခဲ့သည်။

အရပ်ဘက်သုံး လေယာဥ်တစ်စင်းကို VIP စံနှုန်းများပါ အဆင့်မြှင့်လေယာဥ်အဖြစ်သို့ ပြင်ဆင်မွမ်းမံမည့် အစီအစဥ်အပြင် အီးယူကုမ္ပဏီတစ်ခုဖြစ်သော Airbus က ထုတ်လုပ်ထားသည့် ဂျော်ဒန်လေတပ်ပိုင် စစ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဥ်နှစ်စင်း ၀ယ်ယူမည့် အစီအစဥ်များကိုလည်း ပေါက်ကြားခဲ့သော ၀ယ်ယူမှု အထောက်အထားစာရွက်စာတမ်းများတွင် ထုတ်ဖော် ပြသထားခဲ့သည်။

ဂျော်ဒန် လေယာဥ်များ

ဂျော်ဒန်နိုင်ငံမှ ကန်ဒေါ်လာ ၃၈ ဒသမ ၆ သန်းတန် လေယာဥ်၀ယ်ယူမှု ကိစ္စနှင့်ပတ်သက်ပြီး ထိုစဥ်အချိန်က တပ်မတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သော်လည်း ထိုကိစ္စကို လူအများသိရှိခဲ့ပြီးနောက်ပိုင်း သဘောတူညီချက်ကိစ္စကို အတည်ပြုခဲ့သည်။

“စစ်တပ်က ဒီလေယာဥ်တွေ ၀ယ်ယူခဲ့ရတဲ့ ရည်ရွယ်ချက် အကြောင်းရင်းကတော့ စစ်ဘက် သယ်ယူပို့ဆောင်ရေး ကိစ္စတွေအတွက်သာမက နိုင်ငံအတွက် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်တွေအတွက်ပါ အသုံးချဖို့ ဖြစ်ပါတယ်” ဟု ဒီဇင်ဘာ ၃၀ ရက်က နေပြည်တော်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဥ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့သည်။

မြန်မာ လေတပ်သည် ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်‌ရေးနှင့် ရွေးကောက်ပွဲများအတွင်း မဲလက်မှတ်များ ပေးပို့သယ်ဆောင်ခြင်း အပါအ၀င် အရပ်ဘက် ရည်ရွယ်ချက်များအတွက် အလားတူ လေယာဥ်များကို အသုံးပြုထားခဲ့ကြောင်း ၎င်းက အလေးပေးပြောခဲ့သည်။

သို့သော် စစ်ဘက် လေယာဥ်တစ်စင်းအနေဖြင့် C295 သည် နိုင်ငံတကာ လက်နက် ထိန်းချုပ်ရေးစည်းမျဥ်းများအောက်တွင် ကျရောက်နေသည့်အတွက် ယင်းသို့အားဖြင့် ထိုရောင်းချမှုကို လေယာဥ်ထုတ်လုပ်သည့် နေရာဖြစ်သည့် စပိန်က လိုင်စင်ထုတ်ပေးရလိမ့်မည် ဖြစ်သည်။ ဂျော်ဒန် လေတပ်အနေဖြင့် လေယာဥ်နှစ်စင်း ရောင်းချမှုကို ရှေ့သို့ ဆက်လက်မလုပ်ဆောင်နိုင်ခင် ယင်းသည် စပိန်အာဏာပိုင်များထံမှ ခွင့်ပြုချက်တစ်ရပ် တောင်းခံရန် လိုအပ်မည်ဖြစ်သည်။ စပိန်အာဏာပိုင်တို့သည်လည်း တပ်မတော်သို့ လက်နက် ရောင်းချထောက်ပံ့မှုအပေါ် ချမှတ်ပိတ်ဆို့ထားသည့် အီးယူဆန်ရှင်အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

ဂျော်ဒန်လေယာဥ်များကို မြန်မာသို့ လွှဲပြောင်းပေးအပ်ထားခဲ့ပြီးသလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လေယာဥ်များကို လွှဲပေးထားပြီးပြီလား ဆိုသည်နှင့် ၎င်းတို့ အစိုးရအနေဖြင့် မြန်မာသို့ လေယာဥ်များ ရောင်းချရန် မက်ဒရစ်ထံမှ လိုင်စင်တောင်းခံခဲ့သလား ဆိုသည်နှင့်ပတ်သက်ပြီး ဂျော်ဒန် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ အစိုးရကလည်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

စပိန် ကာကွယ်ရေး၀န်ကြီးဌာနကလည်း မှတ်ချက်ပေးရန် ပန်ကြားချက်များကို မတုံ့ပြန်ခဲ့ပေ။ Airbus ကမူ ယင်းအနေဖြင့် လေယာဥ်ရောင်းချမှုတွင် ပါ၀င်ပတ်သက်ခဲ့ခြင်း မရှိဟု ဆိုခဲ့သည်။

“အဲဘတ်စ်အနေနဲ့ နိုင်ငံတကာ ကုန်သွယ်ပိတ်ပင်မိန့်နဲ့ ပို့ကုန်ထိန်းချုပ် စည်းမျဥ်းတွေအောက်မှာ တားမြစ်ခံထားရတဲ့ မြန်မာကို ထုတ်ကုန်တွေ ဒါမှမဟုတ် ၀န်ဆောင်မှုတွေကို အရင်ကလည်း မထောက်ပံ့ပေးခဲ့သလို ရှေ့မှာလည်း ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူ ရှောင်လီက အီးမေးလ်တစ်‌စောင်တွင် ပြောခဲ့သည်။

စစ်ဘက် C295 နှင့် အရပ်ဘက် A319 လေယာဥ် သဘောတူညီချက်နှစ်ခုစလုံးအတွက် စီစဥ်ပေးခဲ့သည့် မြန်မာကုမ္ပဏီ Aero Sofi က မေးခွန်းမေးမြန်းမှုများကို မဖြေဆိုခဲ့ပေ။

အရဲစွန့်ရလွန်းသော စီးပွားရေးလုပ်ငန်း

ဂျော်ဒန် လေယာဥ်များနှင့် မတူဘဲ ပြည်တွင်းလေ‌ကြောင်းကုမ္ပဏီတစ်ခုထံမှ Airbus A319 လေယာဥ်တစ်စင်းကို တပ်မတော်ထံ လွှဲပြောင်းမှုက အီးယူ ဆန်ရှင်များကို ချိုးဖောက်ဖွယ်ရာမရှိပေ။ ယင်းသည် စစ်ဘက်အသုံးပြုမှုအတွက် ထုတ်လုပ်ခဲ့ခြင်း မဟုတ်၍ ဖြစ်သည်။ ယင်းလေယာဥ်သည် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ၏ လေယာဥ်အစု၏ အစိတ်အပိုင်းအဖြစ် ပျံသန်းထားခဲ့သည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နှင့်အကြား သဘောတူညီချက်တိုင်းသည် နီးနီးကပ်ကပ် စေ့စေ့စပ်စပ် စိစစ်မှုအောက် ကျရောက်ခဲ့သည်။ တပ်မတော်သည် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ကျယ်ပြန့်သော အကျိုးစီးပွားများ ရှိနေပြီး ဆပ်ပြာ ထုတ်လုပ်မှုမှ စပြီး သတ္ထုတူးဖော်ြခင်း၊ ခရီးသွားလုပ်ငန်း၊ တယ်လီကွန်မြူနစ်ကေးရှင်းနှင့်ဘဏ်လုပ်ငန်းအထိ အမျိုးမျိုးသော ကုမ္ပဏီများကို ပိုင်ဆိုင်ထားသည်။

နှစ်ပေါင်း ၅၀ နီးပါး ကြာ စစ်အုပ်ချုပ်ရေးနောက်ပိုင်း နိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအကြား တပ်မတော်သည် အရပ်သားအစိုးရတစ်ရပ်ထံ အုပ်ချုပ်မှုအာဏာကို လွှဲအပ်ပေးခဲ့သည်။ ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျ ကဲ့သို့ နိုင်ငံများနှင့်အတူ အီးယူသည် ဆန်ရှင်များကို ဖြေလျှော့ပေးခဲ့သည်။

သို့သော် ချီးမွမ်းခံရသည့် ပြုပြင်ပြောင်းလဲမှုများအကြား မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ကြသည့် နိုင်ငံခြားကုမ္ပဏီ အများအပြားသည် ယနေ့အချိန်အခါတွင် ခက်ခဲသော အနေအထားတစ်ခုတွင် ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်။ ဖေဖော်၀ါရီ ၁ ရက်မှစ၍ ၎င်းတို့သည် စစ်တပ်တစ်ခုက ဦးစီးစီမံနေသော နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နေကြရပြီ ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ယခုအခါ စစ်တပ် ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး “အရေးပါသော ၀င်ငွေ အရင်းအမြစ်” တစ်ခုအဖြစ် ရှိနေသည့် ကုမ္ပဏီ ၁၃၀ ကျော် စာရင်းတစ်ခုကို မြန်မာ တက်ကြွလှုပ်ရှားသူအဖွဲ့ JFM က ထုတ်ပြန်ခဲ့သည်။ အထူးတလည်အားဖြင့် “အထင်ကရ နိုင်ငံတကာ ရေနံနှင့် ဓာတ်ငွေ့ ကုမ္ပဏီများ” နှင့် စီးပွားဖက်အဖြစ် လုပ်ကိုင်နေသည့် မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE) ၊ ဂျပန် ကော်ပိုရေးရှင်းများနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် တယ်လီကွန်မြူနစ်ကေးရှင်းကုမ္ပဏီ MPT တို့ကို JFM က ညွှန်းဆိုသွားခဲ့သည်။

ဂျပန် အဖျော်ယမကာ လုပ်ငန်းစု Kirin Holdings သည် မြန်မာစစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် အများပိုင်ကုမ္ပဏီ (MEHL) နှင့်အကြား ယင်း၏ ဘီယာ ဖက်စပ်လုပ်ငန်းကို အဆုံးသတ်ပြီဖြစ်ကြောင်း ဖေဖော်၀ါရီ ၅ ရက်က ကြေညာခဲ့သည်။

တပ်မတော်နှင့် ဆက်ဆံပတ်သက်မှုများ ဖြတ်တောက်သည့် ဆုံးဖြတ်ချက်အတွက် JFM က Kirin ကို ချီးကျူးဂုဏ်ပြုခဲ့သည်။ ထို့ပြင် Airbus A319 လေယာဥ်ကို ဗွီအိုင်ပီ အထူးလေယာဥ်အဖြစ် အဆင့်မြှင့်တင်မည့် စာချုပ်ကို HAECO က ရပ်ဆိုင်းခဲ့သည့် သတင်းကိုလည်း တက်ကြွလှုပ်ရှားသူအဖွဲ့က ကြိုဆိုခဲ့သည်။

“မြန်မာစစ်တပ်နဲ့ ယင်းရဲ့ လုပ်ငန်းတွေနဲ့အကြား စီးပွား‌ရေးအရ ချိတ်ဆက်ပတ်သက်နေတဲ့ အခြားကုမ္ပဏီတွေအားလုံးကိုလည်း HAECO ကို နမူနာယူပြီး အဲဒီအတိုင်း လိုက်လုပ်ပြီး ချက်ချင်း အဆက်အသွယ် ဖြတ်ဖို့ ကျွန်တော်တို့ ‌တောင်းဆိုပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

လျှို့၀ှက်ပြီး နားလည်ရန်ခက်သည့် ပျံသန်းမှုများ

Airbus A319 သည် စစ်တပ် ထိန်းချုပ်မှုအောက် ရောက်သွားပြီ ဆိုပြီး JFM က ယင်း၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ြပထားခဲ့သည့် ၀ယ်ယူမှု အထောက်အထားများ ရှိခဲ့သော်ငြား ထိုလေယာဥ်သည် MAI ကိုယ်စားပြုအရောင်များဖြင့် ပျံသန်းနေဆဲ ဖြစ်သည်။

စောင့်ကြည့်ထောက်လှမ်းမှု ဒေတာများအရ မှတ်ပုံတင်အမှတ် XY-AGR ဖြင့် ရှိသည့် ထိုလေယာဥ်သည် ဒီဇင်ဘာနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ခရီးတို ပျံသန်းမှုများ လုပ်ထားခဲ့ပြီး အများအားဖြင့် ရန်ကုန်လေဆိပ်တွင် ပျံတက်၊ ဆင်းသက်မှုများ လုပ်ထားခဲ့သလို မြို့တော် နေပြည်တော်သို့လည်း အနည်းဆုံး ခရီးစဥ်တစ်ကြောင်း ပျံသန်းခဲ့သည်ဟု သိရသည်။

ပျံသန်းမှုများကို စမ်းသပ်မှု ရည်ရွယ်ချက်များအတွက် လုပ်ဆောင်နေခြင်း ဖြစ်ပြီး မြန်မာ့လေတပ်မှ အတွေ့အကြုံများသည့် လေယာဥ်မှူးများက ပျံသန်းနေခြင်း ဖြစ်ကြောင်း လေကြောင်းလုပ်ငန်းမှ အရာရှိတစ်ဦးက ပြောသည်။ ၎င်းသည် လက်ရှိ နိုင်ငံရေး အခြေအနေအရ အမည်ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ ပျံသန်းမှုများကို လေကြောင်းကုမ္ပဏီ၏ ပြည်တွင်း ခရီးစဥ်ပျံသန်းမှု အစီအစဥ်များတွင် ဖော်ပြမထားပေ။

တစ်မူထူးခြားသော ထိုအခြေအနေက MAI အတွင်း၌လည်း စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်ထားစေခဲ့သည်ဟု အထက်ပါအရာရှိက ပြောသည်။ ထိုလေယာဥ်သည် လေကြောင်းကုမ္ပဏီ၏ အမည်အောက်တွင် ဆက်လက်ပျံသန်းနေရခြင်း၏ အကြောင်းရင်းကို ၀န်ထမ်းတစ်ချို့ကလည်း သိချင်နေကြသည်။ အကယ်၍ မတော်တဆမှုတစ်ခုတွင် ပါ၀င်ပတ်သက် သို့မဟုတ် ထိခိုက်ပျက်စီးခဲ့မည်ဆိုပါက ကုမ္ပဏီအနေဖြင့် မည်သည့် တာ၀န်ခံရမှုကို ရင်ဆိုင်ရမည်လဲ ဆိုသည်ကို သိချင်နေကြသည်။

မြန်မာစစ်တပ်က အာဏာသိမ်းမှု လုပ်ခဲ့ပြီး တစ်ပတ်အကြာ ဖေဖော်၀ါရီ ၈ ရက်က ထို လေယာဥ်သည် ဖိလစ်ပိုင်ရှိ Clark နိုင်ငံတကာ လေဆိပ်သို့ ပျံသန်းခဲ့သည်။ ယခင်က အမေရိကန် စစ်အခြေစိုက်နေရာတစ်ခု ဖြစ်ခဲ့သည့် Clark သည် ယခုအခါ အရပ်ဘက် လေယာဥ်ပျံသန်းမှုများနှင့် ဖိလစ်ပိုင် လေတပ် တို့အတွက် လက်ခံဆောင်ရွက်ပေးနေသည်။

ထို ပျံသန်းမှု၏ ရည်ရွယ်ချက်က ဘာလဲ ဆိုသည်နှင့် မည်သူတို့ လိုက်ပါသွားခဲ့သည် ဆိုသည်နှင့်ပတ်သက်၍ မရှင်းလင်းလှပေ။ လေကြောင်းလုပ်ငန်းရှိ တာ၀န်ရှိသူတစ်ဦး၏ အဆိုအရ MAI သည် တစ်ခါတစ်ရံ ပြုပြင်ထိန်းသိမ်းမှုများအတွက် Clark ကို အသုံးပြုသည်ဟု ဆိုသည်။

ဖိလစ်ပိုင် အစိုးရလက်အောက်ရှိ လုပ်ငန်းဌာနသုံးခုနှင့် လေဆိပ်၏ ပုဂ္ဂလိက အော်ပရေတာတို့က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly