စစ်အာဏာသိမ်းမှုဆန့်ကျင်ပွဲမှာ ဖန်တီးမှုမျိုးစုံဖြင့် လူငယ်တွေ ဆန္ဒပြ 

စစ်အာဏာသိမ်းမှုဆန့်ကျင်ပွဲမှာ ဖန်တီးမှုမျိုးစုံဖြင့် လူငယ်တွေ ဆန္ဒပြ 

ဖေဖော်ဝါရီ ၁၀  

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က စစ်အာဏာသိမ်းခံရတဲ့အပေါ် နိုင်ငံတစ်လွှား ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားလျက်ရှိရာ ဆန္ဒပြလူငယ်မျိုးဆက်သစ်တွေဟာ  အာဏာသိမ်းစစ်အုပ်စုနဲ့ပတ်သက်တဲ့ ပြက်လုံးဆောင်ပုဒ်တွေ၊ အရောင်အသွေးစုံပြီး ရယ်ဖွယ်ကောင်းတဲ့ အသုံးအနှုန်းတွေသုံးကာ ဆန္ဒပြလျက်ရှိပြီး လူမှုမီဒီယာမှာ ရေပန်းစားလျက်ရှိပါတယ်။  

ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတို့မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေ ပူးပေါင်းပြီး ‘Milk Tea Alliance’ (နို့လက်ဖက်ရည် ညွန့်ပေါင်းအဖွဲ့) လို့ခေါ်တဲ့ လှုပ်ရှားမှုလိုမျိုးပဲ ရန်ကုန်ရဲ့ ဗုဒ္ဓဟူးနေ့ဆန္ဒပြပွဲမှာ  ဖန်တီးမှုမျိုးစုံနဲ့ အရောင်အသွေးစုံလင်ခဲ့ပါတယ်။ 

ဆန္ဒပြပွဲမှာ မန်ချက်စတာယူနိုက်တက်အင်္ကျီဝတ်ဆင်ထားတဲ့ ကျောင်းသူတစ်ဦးကလည်း ‘ဖလားသိမ်းချင်သိမ်း အာဏာတော့မသိမ်းနဲ့” လို့ ဘောလုံးကစားပွဲနဲ့ ဟာသနှောထားတဲ့ ဆန္ဒပြဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပါတယ်။  

လူငယ်ကျောင်းသားတွေကလည်း ဘောလုံးဂျာစီအင်္ကျီနဲ့ မီနီစကတ်ကိုတွဲဝတ်ကာ အာဏရှင်ဆန့်ကျင်ရေးဆောင်ပုဒ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။  

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်က ကျောင်းသားကျောင်းသူတွေဟာ မြေနီကုန်းမှာစုဝေးပြီး တော်လှန်ရေးတွေသီချင်းတွေဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။  

ဗလတောင့်တောင့်နဲ့ အပေါ်ပိုင်းဗလာကျင်းအမျိုးသားတစ်ဖွဲ့ကလည်း ‘စစ်အာဏာရှင်ကျဆုံးရေး  ဒို့အရေး’ ‘ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေ ချက်ချင်းလွှတ်’ စတာတွေ ကြွေးကြော်ဆန္ဒပြခဲ့သလို အလှမယ်တစ်စုကလည်း ပြိုင်ပွဲဝင်ပုံစံ သရဖူတွေဆောင်း အလှဂါဝန်တွေဝတ်ပြီး ဆန္ဒပြပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ 

မကောင်းဆိုးဝါးဝိဉာဉ်ပုံစုံနဲ့ ဝတ်စုံဖြူဝတ်ပြီး ဆန္ဒပြတဲ့သူတွေလည်း တွေ့ရပြီး တမူထူးခြားတဲ့ ဆန္ဒပြမှုပုံစံတွေကြောင့် အများရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။  

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းမှုကို အစိုးရဝန်ထမ်းတွေအပါအဝင် အလွှာစုံက ဆန့်ကျင်ဆန္ဒပြနေတာဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာဆိုရင် ငါးရက်ဆက်တိုက်ရှိပြီဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly