အီးယူက မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်လာနိုင်

 အီးယူက မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်လာနိုင်
EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell. Photo: EPA

အာဏာသိမ်းမှုနှင့် ပတ်သက်၍ မြန်မာစစ်တပ်အပေါ် အီးယူအုပ်စုအနေနဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်လာရန် ရှိကြောင်း အုပ်စု၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell  က ပြောပြီး မည်သည့် အပြစ်ပေးမှုမဆိုက ပြည်သူများအပေါ် မထိခိုက်စေသင့်ဟု သတိပေးသည်။ 

“အခု ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ လုပ်နိုင်ခွင့်အားလုံးကို ပြန်လည်သုံးသပ်နေပါတယ်။”ဟု အင်္ဂါနေ့က ပြုလုပ်သော ဥရောပပါလီမန်တွင် လွှတ်တော်အမတ်များအား Borrell က ဆိုသည်။ 

အီးယူအုပ်စုအတွက် တစ်ခုသော ရွေးချယ်မှုက စစ်ဖက်ဆိုင်ရာ တစ်ဦးချင်းစီနှင့် စစ်တပ်ပိုင် စီးပွားရေးများအပေါ် ထပ်တိုးပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုဖြစ်သည်ဟု ၎င်းက ပြောသည်။ 

အီးယူသည် မြန်မာနိုင်ငံအား လက်နက်ကုန်သွယ်ခွင့် ပိတ်ထားသကဲ့သို့ ရိုဟင်ဂျာများ(မူရင်း ဖော်ပြချက်) အပေါ် သွေးထွက်သံယို ဖြိုခွင်းမှုကြောင့် တာဝန်ရှိသူ ၁၄ ဦးအား ပိုင်ဆိုင်မှုများ ရုပ်သိမ်းခြင်းနှင့် ဗီဇာပိတ်ပင်ခြင်းများ ချမှတ်ထားပြီး ဖြစ်သည်။ 

စစ်တပ်သည် ပြီးခဲ့သည့် သီတင်းပတ်က အာဏာသိမ်းကာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားဖမ်းဆီးထားရာ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ရှုတ်ချလျက် ရှိသည်။ 

မြန်မာနိုင်ငံအား ဖွံ့ဖြိုးမှုအကူအညီ ပေးခြင်းနှင့် ကုန်သွယ်ရေးဆက်ဆံမှုကို ဖြတ်တောက်ရန်လည်း အီးယူက စဉ်းစားလျက်ရှိသည်ဟု Borrell က ဆိုသည်။ 

သို့ရာတွင် စပိန်ဝန်ကြီးချုပ်ဟောင်းဖြစ်သည့် Borrell က အီးယူအနေဖြင့် မြန်မာလူထုအပေါ် ထိခိုက်မှု ဖြစ်စေမည့် လုပ်ဆောင်ချက်များကို ရှောင်ရှားရမည်ဟု အလေးထားပြောဆိုသည်။ 

အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက ဖေဖော်ဝါရီ ၂၂ ရက်တွင် နောက်ထပ်ဆောင်ရွက်ချက်များအတွက် ဆွေးနွေးကြမည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly