ချင်းတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားငါးဦး အဖမ်းခံထားရ

ချင်းတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားငါးဦး အဖမ်းခံထားရ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်အမ်းမြို့နယ်တွင် ယမန်နေ့က  စစ်အစိုးရဆန့်ကျင် ဆန္ဒပြသောကြောင့် ချင်းတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအနည်းဆုံး ငါးဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများတွင် ကျောင်းသူ သုံးဦး၊ ကျောင်းသား နှစ်ဦးပါဝင်ကြောင်း ရခိုင်ပြည်နယ် ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့ (CUSR) အဖွဲ့၏ ဥက္ကဌ မိုင်ခင်ဇင်မေသန်းက ပြောသည်။

 ဖမ်းဆီးခံထားရသူတစ်ဦးဖြစ်သော မိုင်ရတနာအောင်၏ မိခင်ဖြစ်သူ ဒေါ်တင်တင်အောင်က သမီးနှင့် တွေ့ခွင့်ရရှိရေးအတွက် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်တွင် အမ်းမြို့မစခန်းသို့သွားရောက်ခဲ့ သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ပေ။

" ပေးတွေ့လို့မရဘူးပြောတယ်။ ပြီးရင် သူတို့ ဒီနေ့ ရမန်ယူပြီး ရုံးတင်မယ်ပြောတယ်။ ဘာပုဒ်မနဲ့စွဲထားလည်း မသိရဘူး။ ဆန္ဒပြလို့ စွဲတယ်ပဲပြောတယ်။" ဟု ဒေါ်တင်တင်မာကပြောသည်။

မိုင်ရတနာအောင်သည် CUSR အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ CUSR-Ann မြို့နယ် အတွင်းရေးမှူးလည်းဖြစ်သည်။ သူ့ကို အမ်းမြို့မရဲစခန်းက ခံဝန်ချက်ထိုးခိုင်းရန်အကြောင်းပြကာ ည ၉ နာရီ ဝန်းကျင်တွင် ခေါ်ဆောင်သွားပြီးနောက်၊ အချုပ်ခန်းထဲ ထည့်ထားကြောင်း မိခင်ဖြစ်သူက ပြောသည်။

"ရဲစခန်းကို ခဏလိုက်ခဲ့ပါ ဘာညာ အဲလိုလာခေါ်တယ်။ သမီးကပြောတယ် ဘာကိစ္စနဲ့လိုက်ရမလဲဆိုတော့ ဆန္ဒပြတာမှာ ပါလို့ပြောတယ်။ အဲဒီတော့ ဆန္ဒပြရာမှာ သူတစ်ယောက်တည်းပါတာလားလို့ ပြန်မေးတယ်။ အခုလည်း သူ့တစ်ယောက်တည်းကိုရွေးဖမ်းသလိုပါပဲ။ မိန်းကလေးက သုံးယောက်တည်းပါ။ ကျန်တဲ့ နှစ်ယောက်က နယ်ဖက်ကပါ။" ဟု ဒေါ်တင်တင်မာက ရှင်းပြသည်။

အမ်းမြို့နယ်သည် တပ်မတော်နှင့် ရခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားသည့်ဒဏ်ကို ၂၀၁၈-၂၀၂၀ အထိကြုံခဲ့ရသည့်မြို့နယ်တစ်ခုဖြစ်သည်။ လူ့အခွင့်ရေးချိုးဖောက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းများလည်း ကြုံရသည့်မြို့နယ်တစ်ခုဖြစ်သည်။ အမ်းမြို့နယ်တွင် ချင်းတိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသားတို့ ရောနှောနေထိုင်

သော်လည်း၊ တပ်မတော်၏စစ်ဌာနချုပ်တည်ရှိရာမြို့ဖြစ်သောကြောင့် ဝန်ထမ်းနှင့် စစ်သားများသောနေရာဖြစ်သည်။ တပ်ရင်းအမြားအပြားထားရှိရာ မြို့လည်းဖြစ်သည်။

မူလကတည်းက တပ်မတော်ကြီးစိုးရာဒေသဖြစ်သဖြင့် ဒေသခံလူထုက အကြောက်တရားများဖြင့် နေထိုင်ရာဒေသလည်းဖြစ်သည်။ သို့သော်ရခိုင်ပြည်နယ်ရှိ ချင်းတက္ကသိုလ်ကျောင်းသားများက အံတုက ဖေဖော်ဝါရီ ၈ရက်နေ့တွင် အံတုကာ လူ ၄၀၀ ဝန်းကျင်ဆန္ဒပြခဲ့ကြသည်။

"သမီးအတွက်ကို သူတို့ (နိုင်ငံတကာက) ဝိုင်းဝန်းလုပ်ပေးစေချင်တယ်။ မြို့ကသေးသေးလေးဆိုတော့ အန်တီတို့က ဘာမှလှုပ်လည်းမလှုပ်ရှားရဲဘူး အခြေအနေမကောင်းလို့။ တတ်လည်း မတတ်ဘူး။" ဟု ဒေါ်တင်တင်မာက နိုင်ငံတကာကို အကူအညီတောင်းခံသည်။

မဇ္ဈိမအနေဖြင့် ကျန် ချင်းကျောင်းသူ၊ ကျောင်းသား  ၄ ဦး၏ အမည်နှင့်နေရပ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ မိုင်ရတနာအောင်သည် တောင်ကုတ်တက္ကသိုလ်တွင် ဓာတုဗေဒဘာသာရပ်ဖြင့် တတိယနှစ်တက်ရောက်နေသောကျောင်းသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly