ဆန္ဒပြသူများကို အင်အားသုံးတုံ့ပြန်မှုအပေါ် အမေရိကန်နှင့် ကုလ အပြင်းအထန် ရှုတ်ချ

ဆန္ဒပြသူများကို အင်အားသုံးတုံ့ပြန်မှုအပေါ် အမေရိကန်နှင့် ကုလ အပြင်းအထန် ရှုတ်ချ
Photo: EPA

ဖေဖော်၀ါရီ ၁၀

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြသည့် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့၀င်များဘက်က အင်အားသုံး တုံ့ပြန်မှုအပေါ် အမေရိကန်က ဖေဖော်၀ါရီ ၉ ရက်တွင် အပြင်းအထန် ရှုတ်ချသွားခဲ့သည်။

ထို့ပြင် ဆန္ဒပြသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် အမေရိကန်က ထပ်လောင်း တောင်းဆိုသွားခဲ့သည်။

“ဆန္ဒပြသူတွေကို အကြမ်းဖက်တာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က သတင်းထောက်များကို ပြောခဲ့သည်။

“မြန်မာနိုင်ငံမှာ ရှိတဲ့ တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှု ရည်ရွယ်ချက်တွေအတွက်အပါအ၀င် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာ စု‌ဝေးခွင့် ဆိုတဲ့ အခွင့်အရေးတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

“မြန်မာစစ်တပ် အာဏာ ပြန်စွန့်လွှတ်ဖို့၊ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ခံထားရတဲ့ အစိုးရထံကို နဂိုအတိုင်း အာဏာပြန်ပေးဖို့၊ ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ တယ်လီကွန်မြူနစ်‌ကေးရှင်း ပိတ်ပင်ကန့်သတ်ချက်တွေအားလုံး ဖယ်ရှားဖို့ နဲ့ အကြမ်းဖက်မှုကနေ ရှောင်ကြဥ်ဖို့အတွက် ကျွန်တော်တို့ဘက်က ထပ်လောင်း တောင်းဆိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြို့တော် နေပြည်တော်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ရာဘာကျည်များ၊ မီးသတ်ပိုက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောခဲ့သည်။

စစ်အာဏာသိမ်းအစိုးရသည် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အင်တာနက် ပိတ်ရန် ကြိုးပမ်းခဲ့သလို လွတ်လပ်စွာ စု‌ဝေးမှုအပေါ် ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ထားခဲ့သည်။

ယမန်နေ့ညပိုင်းကလည်း စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရန်ကုန်ရုံးချုပ်ကို စီးနင်းမှုလုပ်ခဲ့သည်ဟု ပါတီက ပြောခဲ့သည်။

တစ်ချိန်တည်းမှာလည်းပဲ ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြသူများကို အင်အားအသုံးပြုတုံ့ပြန်မှုအပေါ် ယမန်နေ့က ရှုတ်ချသွားခဲ့သည်။

“ဆန္ဒပြသူတွေအပေါ် မမျှမတ အင်အားအသုံးပြု တုံ့ပြန်တာက လက်ခံနိုင်စရာကို မရှိပါဘူး” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အိုလာ အမ်ဂရန်က ထုတ်ပြန်ချက်တစ်စောင် ထုတ်သွားခဲ့သည်။

အလားတူ အာဏာသိမ်းထားသည့် မြန်မာစစ်တပ်အပေါ် အရေးယူဒဏ်ခတ်မှုအသစ်များ ချမှတ်ရန် အီးယူကလည်း စဥ်းစားလျက်ရှိကြောင်း သိရသည်။

အီးယူအနေဖြင့် မြန်မာစစ်တပ်ကို ဆန်ရှင်အသစ်များ ချမှတ်နိုင်ကြောင်း အီးယူ နိုင်ငံခြားရေးမူ၀ါဒဆိုင်ရာ အကြီးအကဲ ဂျိုးဆက် ဘောရဲလ်က ဖေဖော်၀ါရီ ၉ ရက်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly