မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူခြင်းက အလုပ်ဖြစ်ထိရောက်လိမ့်မည်ဟု ကုလကျွမ်းကျင်သူ ပြော

မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူခြင်းက အလုပ်ဖြစ်ထိရောက်လိမ့်မည်ဟု ကုလကျွမ်းကျင်သူ ပြော
Photo: EPA

ဖေဖော်၀ါရီ ၉

မြန်မာစစ်တပ်သည် ယခင်အတိတ်ကာလက နိုင်ငံတကာဖိအားပေးမှုများကို မမှုဘဲ ခံနိုင်စွမ်းရှိသည်ဟု ပြောကြားထားခဲ့သည် ဆိုလျင်တောင်မှ လက်ရှိအချိန်အထိ နိုင်ငံတကာ ဖိအားအောက်တွင် ထိခိုက်ခံစားရမှု ရှိနိုင်နေဆဲ ဖြစ်ကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး တွန် အန်ဒရူးစ်က ဖေဖော်၀ါရီ ၈ ရက်တွင် ပြောကြားလိုက်သည်။

ယင်းကဲ့သို့ ဖိအားများထဲတွင် စီးပွားရေးနှင့် သံတမန်ရေးဆိုင်ရာ အရေးယူမှုများ ပါ၀င်ပြီး အဆိုပါ လုပ်ဆောင်မှုများသည် အလုပ်ဖြစ်ထားခဲ့ကြောင်း မစ္စတာ အန်ဒရူးစ်က ထောက်ပြပြောဆိုခဲ့သည်။

“အရင်အတိတ်တုန်းက ကျွန်တော်တို့ သိထားခဲ့ပါတယ်၊ စစ်တပ်က သူတို့အပေါ် နိုင်ငံတကာ ဖိအားပေးမှုက မထိရောက်နိုင်ဘူးလို့ ပြောထားခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ သိရသလောက်ကတော့ အဲဒါ အမှန်မဟုတ်ပါဘူး၊ သူတို့ တကယ် အလေးထားဂရုစိုက်ပါတယ်၊ သူတို့ နိုင်ငံတကာ စီးပွားရေးမှာ  တကယ့်ကို ပါ၀င်ပတ်သက်ချင်ကြပါတယ်” ဟု မစ္စတာ အန်ဒရူးစ်က စီအင်န်အေကို ပြောခဲ့သည်။

“သူတို့ ပိုက်ဆံ ရှာချင်ကြပါတယ်၊ သူတို့ ကြီးပွားချမ်းသာချင်ကြပါတယ်၊ မြန်မာနိုင်ငံလိုမျိုး အချိန်အတော်ကြာ သီးခြား အထီးကျန်ရပ်တည်ခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဘယ်လိုအကျိုးဆက်တွေ ကြုံရသလဲ သူတို့ နားလည်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီမှ အခြားအဆင့်မြင့်ပုဂ္ဂိုလ်များကို စစ်တပ်က ထိန်းသိမ်းခဲ့ပြီးနောက်တစ်ပတ်ခန့်အကြာတွင် မစ္စတာ အန်ဒရူးစ်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စစ်တပ်သည် ရွေးကောက်ပွဲ မဲမသမာမှုများ ရှိခဲ့၍ဟု ဆိုပြီး ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်ကာ အာဏာသိမ်းယူပြီး အရေးပေါ် အခြေအနေ တစ်နှစ် ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်၀ါရီ ၆ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနဲလ်သည်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းခံခဲ့ရသည့် ပထမဆုံးသော နိုင်ငံခြားသား ဖြစ်ခဲ့သည်။

ယင်းနောက် နိုင်ငံတွင် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ရှုတ်ချရန် ပြည်သူအမြောက်အမြားတို့ လမ်းများပေါ် ထွက်ကာ ဆန္ဒထုတ်ဖော်ကြရာ အာဏာပိုင်များက အင်အားသုံးပြီး လူစုခွဲမှုများ လုပ်ခဲ့သည်။ မြို့တော် နေပြည်တော်ရှိ လမ်းမတစ်ခုတွင် စု‌ဝေးခဲ့သည့် ဆန္ဒပြသူများကို မီးသတ်ပိုက်ဖြင့် ပစ်ခတ်မှုများလည်း ရှိခဲ့သည်။

“ခုချိန်မှာ မြန်မာပြည်သူတွေဟာ ကွာခြားပြောင်းလဲချက်တွေကို ကောင်းကောင်း နားလည်းသိရှိနေကြပါပြီ” ဟု မစ္စတာ အန်ဒရူးစ်က ပြောသည်။ “ပြီးတော့ သူတို့က နောက်ပြန်ဆုတ်မယ့် ရည်ရွယ်ချက် မရှိပါဘူး၊ ဒီတော့ နိုင်ငံတကာ ဆန်ရှင်ချမှုက အတိတ်ကာလက အလုပ်ဖြစ် ထိရောက်တာကို ကျွန်တော်တို့ တွေ့ထားပြီးပါပြီ၊ ဒါက နောက်တစ်ကြိမ် ထပ်ပြီး အလုပ်ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်”

“ကမ္ဘာတစ်၀န်းက ခေါင်းဆောင်တွေဟာလည်း ခုချိန်မှာ စီးပွားရေး ဒဏ်ခတ်အရေးယူမှုအသစ်တွေ လုပ်ဖို့ ဆွေးနွေးနေပြီဆိုတာ ကျွန်တော် သိပါတယ်၊ အဲဒါက တကယ်ကောင်းတယ်လို့ ထင်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

၎င်းတို့ လုပ်ဆောင်သည့် လုပ်ဆောင်ချက်တိုင်းအတွက် တာ၀န်ယူရလိမ့်မည် ဆိုသည်ကို မြန်မာစစ်တပ်အတွက် “ထင်ရှားပေါ်လွင်သော အချက်ပြမှု” တစ်ခု ရှိရန် အရေးကြီးသည်ဟု မစ္စတာ အန်ဒရူးစ်က ပြောသည်။

တစ်ချိန်တည်းမှာပင် ဆန္ဒပြသူများကို လူစုခွဲရန် မီးသတ်ပိုက် သုံးခြင်းက “စိတ်ဆင်းရဲစရာ လက္ခဏာ”တစ်ခု ဖြစ်သည်ဟု ကုလ ကျွမ်းကျင်သူက ပြောသည်။

“စစ်တပ်ဘက်က အကြမ်းဖက်မှု အသုံးပြုတာက လုံး၀ လက်ခံနိုင်စရာ မရှိပါဘူး၊ ဒါကို ရပ်ဆိုင်းပါလိမ့်မယ်၊ ပြည်သူတွေကို ကာကွယ်ပေးဖို့နဲ့ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း လုပ်နိုင်သမျှတိုင်းကို လုပ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

“ကိုယ့်သားသမီးတွေရဲ့ အနာဂတ်အတွက်နဲ့ အခြေခံအခွင့်အရေးတွေအတွက် ဆန္ဒထုတ်ဖော်နေကြတဲ့ မြန်မာနိုင်ငံက လမ်းတွေပေါ်က ဆန္ဒပြသူတွေဘက်ကနေ ကျွန်တော်တို့ ရှိနေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly