စင်္ကာပူစီးပွားရေးလုပ်ငန်းရှင်က မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် ရင်းနှီးမြှုပ်နှံမှုကို အဆုံးသတ်မည်

စင်္ကာပူစီးပွားရေးလုပ်ငန်းရှင်က မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် ရင်းနှီးမြှုပ်နှံမှုကို အဆုံးသတ်မည်
Photo: EPA

ဖေဖော်၀ါရီ ၉

လူသိများသည့် စင်္ကာပူစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် Lim Kaling က မြန်မာစစ်တပ်နှင့် ဆက်နွယ်ပတ်သက်သည့် စီးကရက်ကုမ္ပဏီတစ်ခု၌ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်‌ရှင်းထုတ်ထွက်ခွာတော့မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရထံမှ ပြီးခဲ့သည့်အပတ်က စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် အထက်ပါ စင်္ကာပူလုပ်ငန်းရှင်က ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဟောင်ကောင် စတော့အိတ်စ်ချိန်းစာရင်း၀င် ဂိမ်းကုမ္ပဏီလုပ်ငန်းစု Razer ၏ ပူးတွဲတည်ထောင်သူနှင့် ဒါရိုက်တာတစ်ဦးဖြစ်သည့် Lim Kaling က အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ရာတွင် ၎င်းသည် RMH Singapore Pte Ltd မှတဆင့် Virginia Tobacco company တွင် ရှယ်ယာအနည်းစုပိုင်ဆိုင်သူတစ်ဦး ဖြစ်ခဲ့ကြောင်း ပြောခဲ့သည်။

မြန်မာရှိ စစ်တပ်နှင့် ဆက်နွယ်သည့် စီးကရက်ထုတ်လုပ်ရေးကုမ္ပဏီ Virginia Tobacco ကုမ္ပဏီ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို RMH Singapore Pte Ltd က ပိုင်ဆိုင်ပြီး ကျန်ရှယ်ယာများကို မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) က ပိုင်ဆိုင်ထားကြောင်း ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

“မြန်မာနိုင်ငံမှာ မကြာခင်က ဖြစ်ခဲ့တဲ့ ဖြစ်စဥ်တွေကြောင့် ကျွန်တော့်အနေနဲ့ တကယ့်ကို စိုးရိမ်ပူပန်မိပါတယ်” ဟု Lim က အီးမေးလ် ထုတ်ပြန်ချက်ထဲတွင် ပြောသည်။

၎င်း၏ တစ်ခုတည်းသော မြန်မာရင်းနှီးမြှုပ်နှံမှုဖြစ်သည့် RMH ရှိ ၎င်း၏  သုံးဦးစပ် အညီအမျှပါ၀င်ထားသည့် အစုရှယ်ယာကို “တာ၀န်ရှိသည့် ထုခွဲရောင်းချမှု လုပ်ဆောင်ရန်အတွက် နည်းလမ်းများ ရှာဖွေနေသည်” ဟု Lim က ပြောခဲ့သည်။ သို့သော် မည်သည့်အချိန်တွင် လုပ်ဆောင်မည်ဆိုသည့် အချိန်ကာလအတိအကျကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဖေဖော်၀ါရီ ၁ ရက်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိသည့် နိုင်ငံခြားကုမ္ပဏီများသည် စေ့စေ့စပ်စပ် စစ်ဆေးမှုအောက် တိုးမြင့်ကျရောက်ထားခဲ့ရသည်။ ဂျပန် အဖျော်ယမကာ လုပ်ငန်းကုမ္ပဏီ Kirin Holdings ကလည်း MEHL နှင့် ဆက်နွယ်သည့် ယင်း၏ ဘီယာဖက်စပ်လုပ်ငန်းများကို ပြီးခဲ့သည့်အပတ်က ရပ်ဆိုင်းဖျက်သိမ်းခဲ့သည်။

MEHL ၏ လက်အောက်ခံကုမ္ပဏီလုပ်ငန်းခွဲများထဲတွင် လုပ်ငန်းအမျိုးမျိုး ဖြန့်ကျက်ပါ၀င်နေပြီး ပတ္တမြားနှင့် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းမှစပြီး ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းအထိ ပါ၀င်နေသည်။ အဆိုပါ လုပ်ငန်းကော်ပိုရေးရှင်းကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် စစ်တပ်အကြီးအကဲများက ပိုင်ဆိုင်ပြီး သြဇာလွှမ်းမိုးထားကြောင်း ကုလအစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။

စင်္ကာပူသည် ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံထဲသို့ ၀င်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးဆုံး ရင်းမြစ် ဖြစ်ခဲ့ကြောင်း နှစ်ဘက်အစိုးရများ၏ အစီရင်ခံစာများအရ သိရသည်။

မြန်မာစစ်တပ်နှင့်အကြား ၎င်း၏ စီးပွားရေးဆိုင်ရာ ချိတ်ဆက်ပတ်သက်မှုများ အဆုံးမသတ်ပါက Lim ကို ဘုတ်အဖွဲ့မှ ဖယ်ရှားရေး တက်ကြွလှုပ်ရှားသူအဖွဲ့ Justice for Myanmar က Razer ကို တိုက်တွန်းခဲ့သည့် အွန်လိုင်း ပန်ကြားချက်တစ်ခု နောက်ပိုင်း ယခုကဲ့သို့ Lim ၏ ကြေညာချက် ထွက်လာခြင်း ဖြစ်သည်။

လက်မှတ် ၈၅၁ ခုအထိ ရခဲ့သည့် အွန်လိုင်းပန်ကြားချက်အကြောင်း Lim က ၎င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။ သို့သော် တက်ကြွလှုပ်ရှားသူအဖွဲ့က အောင်ပွဲရခဲ့ပြီဟု ထုတ်ဖော်ခဲ့သည်။

“သူက ကျွန်တော်တို့ရဲ့ ပန်ကြားချက်တွေကို ကြားပြီး လိုက်ပြီးလုပ်ဆောင်ပေးခဲ့ပါတယ်၊ လက်မှတ်ထိုးပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်၊ ဆက်ပြီး တိုက်ကြဦးစို့” ဟု တက်ကြွလှုပ်ရှားသူအဖွဲ့က တွစ်တာပို့စ်တစ်ခုတွင် ရေးခဲ့သည်။

တောင်ကိုရီးယား၏ POSCO အပါအ၀င် အခြားကုမ္ပဏီများနှင့်အတူ RMH ကို မြန်မာနှင့် ဆက်ဆံပတ်သက်မှုများ ဖြတ်တောက်ရန် Amnesty International ကလည်း တောင်းဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly