ကုလ လူ့အခွင့်အရေးကောင်စီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အထူးအစည်းအဝေး ကျင်းပမည်

ကုလ လူ့အခွင့်အရေးကောင်စီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အထူးအစည်းအဝေး ကျင်းပမည်
Photo: EPA

ဖေဖော်၀ါရီ ၉

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ထားသည့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် လာမည့် ဖေဖော်၀ါရီ ၁၂ ရက်တွင် အထူးအစည်းအ‌ဝေးတစ်ရပ် ကျင်းပသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂက ဖေဖော်၀ါရီ ၈ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

မြန်မာ့အ‌ရေးကိစ္စဆိုင်ရာ အထူးအစည်းအဝေး ခေါ်ယူရန် ဖေဖော်၀ါရီ ၈ ရက် အစောပိုင်းက ဗြိတိန်နှင့် ဥရောပသမဂ္ဂ တို့က တိုက်တွန်းတောင်းဆိုခဲ့ပြီး ယင်းအပေါ် လူ့အခွင့်အရေးကောင်စီအဖွဲ့၀င် ၄၇ နိုင်ငံအနက် ၁၉ နိုင်ငံက ‌ထောက်ခံခဲ့သည်ဟု ယင်းက ပြောသည်။

အမေရိကန်နိုင်ငံသည် ထိုလုပ်ဆောင်ချက်ကို ထောက်ခံအားပေးသည်ဟု စာရင်းသွင်းခဲ့သည့် စောင့်ကြည့်လေ့လာသူနိုင်ငံ ၂၈ နိုင်ငံထဲတွင် ပါ၀င်နေခဲ့သည်။ အမေရိကန်သည် ၂၀၁၈ ဇွန်လက နုတ်ထွက်ထားခဲ့သည့် ကုလ လူ့အခွင့်အရေး ကောင်စီသို့ ယခုအခါ လေ့လာသူအဖြစ် ပြန်လာပြီဖြစ်ကြောင်း ဖေ‌ဖော်၀ါရီ ၈ ရက်က ကြေညာခဲ့သည်။

အထူးအစည်းအ‌ဝေးခေါ်ရန် ထောက်ခံသည့် နိုင်ငံများအနေဖြင့် အစည်းအဝေးတွင် သဘောတူကြေညာရန်အတွက် တင်ပြသွားမည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်နှင့်ပတ်သက်၍ ဆွေးနွေးနေခဲ့သည်ဟု သံတမန်များက ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်တပ်အာဏာသိမ်းမှုလုပ်ရပ်ကို ဆန့်ကျင်ပြီး ဖေဖော်၀ါရီ ၈ ရက်က တတိယမြောက်နေ့အဖြစ် ပြည်သူအမြောက်အမြားတို့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အာဏာသိမ်းခေါင်းဆောင် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့ စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲသစ်တစ်ခု ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရသူထံ အာဏာလွှဲပေးမည်ဟု ပြောခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် ရွေးကောက်ခံ နိုင်ငံရေးသမားများနှင့် အရပ်သားများကို စစ်တပ်က ထိန်းသိမ်းထားခြင်းက ယင်းနိုင်ငံ၏ လူ့အခွင့်အရေးအတွက် စိုးရိမ်ဖွယ်ရာ ဂယက်ရိုက်ခတ်မှုများ ရှိစေခဲ့ကြောင်း ကုလဆိုင်ရာ ဗြိတိန်သံအမတ် ဂျူလီယန် ဘရိတ်၀ိတ်က လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးတစ်ခုတွင် ပြောခဲ့သည်။

“မြန်မာနိုင်ငံသားများ စိုးရိမ်ပူပန်မှုနှင့် အကူအညီလိုအပ်မှုတို့  ရှိနေသည့် အခိုက်အတန့်အချိန်အခါတွင် ၎င်းတို့ချည်း သက်သက် အထီးကျန်စွာ ရှိနေသည် မဟုတ်”ကြောင်းကို ပြသရန် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူ သောမတ်စ် အန်ဒရူးစ်က အထူးအစည်းအဝေးခေါ်ယူကျင်းပရန် တောင်းဆိုထားကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

“ အဓိကကတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက ပြည်သူပြည်သားတွေရဲ့ အတိဒုက္ခတွေနဲ့ အဲဒီမှာ အလျင်အမြန် ယိုယွင်းနေတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ အဆောတလျင် တုံ့ပြန်ဆောင်ရွက်ပေးသွားကြရပါမယ်” ဟု ဘရိတ်၀ိတ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly