အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း အမေရိကန် ပြော

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း အမေရိကန် ပြော
အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်

ဖေဖော်၀ါရီ ၉

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတွေအပေါ် ကန့်သတ်ချက်တွေ ရှိလာခဲ့ပြီးနောက် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး တစ်စည်းတစ်လုံးတည်းရှိကြောင်း အမေရိကန်နိုင်ငံက ဖေဖော်၀ါရီ ၈ ရက်မှာ ထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ အမေရိကန်ဘက်က မေတ္တာရပ်ခံပန်ကြားခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတယ်လို့ အမေရိကန်က ပြောခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ရွေးကောက်ခံအစိုးရကို ထောက်ခံပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်ဖို့အပါအ၀င် ငြိမ်းချမ်းစွာ စု‌ဝေးနိုင်တဲ့ သူတို့ရဲ့ အခွင့်အရေးတွေကိုလည်း ထောက်ခံအားပေးပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ပြောခဲ့ပါတယ်။

“အမှန်တကယ်ဆိုရင် အများပြည်သူ စုဝေးမှုတွေအပေါ် ကန့်သတ်တဲ့ စစ်တပ်ရဲ့ ကြေညာချက်နဲ့ပတ်သက်လို့ ကျွန်တော်တို့ အင်မတန် စိုးရိမ်ပူပန်မိပါတယ်” လို့လည်း ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာစစ်တပ် ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ရဲ့ အရပ်နေရာတွေအပါအ၀င် နေရာဧရိယာတွေမှာ ညမထွက်ရ ကာဖျူးအမိန့်တစ်ခု ထုတ်ခဲ့သလို လူငါးဦးထက် ပို မစု‌‌ဝေးရ ဆိုပြီး တားမြစ်ချက်တွေ ထုတ်ပြန်ထားခဲ့ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က ရုပ်သံမိန့်ခွန်းတစ်ခု ပြောကြားခဲ့ရာမှာ ၎င်းအနေနဲ့ ယခင် စစ်အစိုးရတုန်းကထက် ပိုပြီး ကျကျနနနဲ့ ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ကတိပြုသွားခဲ့ပြီး အဆုံးသတ်မှာ ရွေးကောက်ပွဲသစ်တွေ ကျင်းပပေးမယ်လို့ ကတိပြုသွားခဲ့ပါတယ်။

“အဲဒါက အောင်မြင်စရာ လမ်းမရှိတဲ့ ကိစ္စပါပဲ” လို့ ပရိုက်စ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကတိတွေနဲ့ပတ်သက်လို့ ပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့ ဘယ်နေရာမှာ ရပ်တည်သလဲဆိုတာကို အရမ်းကို ရှင်းရှင်းလင်းလင်း လုပ်ထားပါတယ်၊ ကျွန်တော်တို့ကတော့ မြန်မာပြည်သူတွေရဲ့ မှန်မှန်ကန်ကန် ရွေးကောက်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေနဲ့အတူ ရပ်တည်ပါတယ်” လို့ ပရိုက်စ်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပရိုက်စ်က ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး စကားပြောခွင့်ရဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ပန်ကြားချက်တွေ ပယ်ချခံခဲ့ရပါတယ်” လို့ ၎င်းက ပြောပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ မြန်မာရဲ့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံကိုလည်း လက်ရှိ စစ်တပ်အာဏာသိမ်းမှုအပေါ် ရှုတ်ချဖို့ ၎င်းက တိုက်တွန်းသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ မြန်မာစစ်တပ် အာဏာလက်မလွှတ်ရင် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်မယ်လို့ ခြိမ်းခြောက်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly