အဆုံးစွန်အထိ တိုက်ပွဲ၀င်သွားမယ်လို့ ဆန္ဒပြသူတွေ သန္နိဋ္ဌာန် ချထား

အဆုံးစွန်အထိ တိုက်ပွဲ၀င်သွားမယ်လို့ ဆန္ဒပြသူတွေ သန္နိဋ္ဌာန် ချထား
Photo: EPA

ဖေဖော်၀ါရီ ၈

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်က ဆန္ဒပြသူတွေကတော့ ၎င်းတို့အနေနဲ့ အဆုံးစွန်အထိ တိုက်ပွဲ၀င် ဆန္ဒပြသွားမယ်လို့ ထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်တပ်အာဏာသိမ်းမှုနဲ့ အတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ NLD ပါတီက အခြားပါတီ၀င်တွေ ပြန်လည်လွတ်မြောက်ရေးကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုသွားခဲ့ကြပါတယ်။

မြန်မာစစ်တပ်အကြီးအကဲတွေဟာဆိုရင် ပြီးခဲ့တဲ့အပတ် အာဏာသိမ်းပြီးနောက်ပိုင်း ယခုအခါမှာ  ၎င်းတို့အပေါ် အကြီးမားဆုံးသော ဆန့်ကျင်အတိုက်အခံလုပ် ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

ယနေ့ ဖေဖော်၀ါရီ ၈ ရက်မှာဆိုရင် နိုင်ငံတ၀န်း ‌ပြည်သူ အမြောက်အမြား လမ်းတွေပေါ် ထွက်ကာ ဆန္ဒထုတ်ဖော်ရင်း တာ၀န်ကနေ ဖယ်ရှားခံထားရတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး ‌တောင်းဆိုခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်း‌ဆောင်တွေကတော့ လက်ရှိအချိန်အထိ နိုင်ငံတ၀န်း ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ လူသေစေနိုင်တဲ့ အင်အားအသုံးပြုမှုကို ရှောင်ကြဥ်ထားပါတယ်။

ဒါပေမယ့်လည်း ဖေဖော်၀ါရီ ၈ ရက်မှာ နေပြည်တော်က လမ်းတွေပေါ်မှာ ဆန္ဒပြသူ ထောင်နဲ့ချီတို့ကို အဓိကရုဏ်းရဲတွေက မီးသတ်ပိုက်နဲ့ ထိုးပက်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။

နိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတို့မှာ လူပေါင်း သောင်းသိန်းချီတို့ စုရုံးချီတက်ခဲ့ကြပြီး ယနေ့ ဖေဖော်၀ါရီ ၈ ရက်မှာ အဆိုပါ လှုပ်ရှားမှုက ပိုမိုအား‌ကောင်းသထက် အားကောင်းလာခဲ့ပြီး နိုင်ငံတ၀န်း အဓိကနေရာတွေမှာ ပိုမိုကြီးမားတဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly