ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရေးယူပေးရန် ထိုင်းက ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရေးယူပေးရန် ထိုင်းက ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြ

ထိုင်းနိုင်ငံက ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြပြီး ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရေးယူဖို့ တောင်းဆိုကြပါတယ်။

ဆန္ဒပြသူတွေဟာ ‘ကမ္ဘာမကြေဘူး’ သီချင်းကို ဟစ်ကြွေးကြပြီး ထိုင်းဒီမိုကရေစီလှုပ်ရှားမှုတွေက သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင် အလေးပြုကြပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကို မီးရှို့ကြပါတယ်။

“ကျွန်မ မြန်မာနိုင်ငံက မိဘဆွေမျိုးတွေနဲ့ ဆက်သွယ်ဖို့ အတော်လေး ခက်နေရကတည်းက အရမ်းစိုးရိမ်နေမိတယ်။ အဆက်အသွယ်ရအောင် ဖုန်းခေါ်ဖို့အတွက် တော်တော်လေး ကထိကထများ ငွေကုန်ကြေးကျများတယ်။ သူတို့ ဘာတွေလုပ်နေကိုင်နေ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်မ သိဖို့လိုတယ်။”ဟု အသက် ၄၃ နှစ်ရှိ ဒေါ်ဥမ္မာထွေးက ပြောပါတယ်။

ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကလည်း “ဒီ အာဏာသိမ်းမှုကို ဘယ်သူမှ လက်မခံဘူး။ ကျွန်မတို့ ဘာမှ မလုပ်နိုင်သလို ကျွန်မတို့ နိုင်ငံဆီလည်း ပြန်သွားလို့ မရဘူး။ အခုနေတာ ပြန်သွားမယ်ဆိုလည်း အရင်လို အဆင်ပြေမှာ မဟုတ်ဘဲ ခက်ခက်ခဲခဲ နေထိုင်ရမှာ ဖြစ်တယ်။”လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာလွှဲပြောင်းရယူကာ အရေးပေါ် အခြေအနေ တစ်နှစ် ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။

နိုင်ငံတွင်းမှာလည်း အခု အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်မှုတွေ ကြီးထွားလာနေပြီး မနေ့ တနင်္ဂနွေနေ့က တစ်နိုင်ငံလုံးအနှံ့လိုလိုမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly