၂၀၀၇ နောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲအဖြစ် ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်

၂၀၀၇ နောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲအဖြစ် ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်
Photo: EPA

ဖေဖော်ဝါရီ ၈

မြန်မာစစ်တပ်က နိုင်ငံ့ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီးတစ်ပတ်နီးပါးအကြာ၌ ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် တနင်္ဂနွေနေ့က ဒုတိယမြောက်အဖြစ် ရန်ကုန်မြို့လမ်းမများထက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန် တောင်းဆိုခဲ့ကြပြီး ရန်ကုန်တွင် ၂၀၀၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

တနင်္ဂနွေနေ့ ၂ နာရီ ၁၅ မိနစ်ခန့်က အင်တာနက်လိုင်းများ ပြန်လည်ရရှိလာပြီး ၁၅ မိနစ်အကြာ၌ Telenor Myanmar က ၎င်းတို့အင်တာနက်ဝန်ဆောင်မှုများ ပြန်လည်ရရှိပြီဖြစ်ကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။

 ဆန္ဒပြသူများသည် ရန်ကုန်မြို့ မြို့တော်ခန်းမနှင့် လှည်းတန်းစင်တာအနီးတို့တွင် စုဝေးကာ “အာဏာရှင်စနစ် ကျဆုံးပါစေ” “ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး” ဟူသော ကြွေးကြောသံများအော်ကာ အာဏာရှင်စနစ်ဆန့်ကျင်သည့်အနေဖြင့် လက်သုံးချောင်းထောင် ဆန္ဒပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ပါတီအရောင်ဖြစ်သည့် အနီရောင်ဖဲကြိုးများကိုလည်း ဝေငှကြသည်။ အသက် ၄၂ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးက “အာဏာရှင်စနစ်ကျဆုံးတဲ့အထိ ကျွန်တော် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားမှာပါ။ အဖမ်းခံရမှာလည်း မကြောက်ပါဘူး” ဟု Nikkei Asia ကို ပြောသည်။

နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် သတင်းစာများက ဆန္ဒပြမှုများကို မဖော်ပြခဲ့သော်လည်း ပုဂ္ဂလိပိုင်သတင်းစာများတွင် စနေနေ့ဆန္ဒပြပွဲက လူထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ကြောင်းနှင့် နေပြည်တော်နှင့် မန္တလေးမြို့တို့တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ကြသည်။

စနေနေ့ဆန္ဒပြပွဲတွင် ပူးပေါင်းခဲ့သည့် ကျောင်းသူတစ်ဦးက “ စစ်တပ်က သူ့အကျိုးစီးပွားအတွက်ပဲ ဆောင်ရွက်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်” ဟု Nikkei Asia ကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က အားလုံးလေးစားရတဲ့ ခေါင်းဆောင်ပါ။ ဒီအခြေအနေကို လက်မခံနိုင်ပါဘူး။ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရဲ့အသံကို နားထောင်ဖို့ လိုပါတယ်” ဟု ဆန္ဒပြကျောင်းသားတစ်ဦးက Nikkei Asia ကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly