သွားကျိုးကို ဆုပေးမိသည့် ဇင်ဘာဘွေ ကိုရုပ်ဆိုးပြိုင်ပွဲ ပရိသတ်များက မကျေမနပ် အော်ဟစ်ကန့်ကွက်

သွားကျိုးကို ဆုပေးမိသည့် ဇင်ဘာဘွေ ကိုရုပ်ဆိုးပြိုင်ပွဲ ပရိသတ်များက မကျေမနပ် အော်ဟစ်ကန့်ကွက်

ဟားရဲ၊ နိုဝင်ဘာ -၂၄ ။           ။ ပြိုင်ပွဲဒိုင်များက ဇင်ဘာဘွေ၏ လေးနှစ်မြောက် ‘ကိုရုပ်ဆိုးပြိုင်ပွဲ (Mister Ugly)’တွင် အနိုင်ရသူအသစ်ကို သရဖူဆောင်းပေးလိုက်ရာ အခြားလူကြိုက်များသည့် တစ်ယောက်ကို ထောက်ခံသူများက မကျေမနပ်ဖြစ်ပြီး အနိုင်ရသူကို ရုပ်ချောလွန်းသည်ဟု ပြောဆိုကာ ကန့်ကွက်ကြသောကြောင့် အခန်းအနားတွင် အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဒိုင်လူကြီးများက စနေနေ့တွင် အသက်၄၂နှစ်အရွယ် မီဆန် ဆီရာကို ကျိုးနေသော ရှေ့သွားများနှင့် ပုံမကျပန်းမကျ မျက်နှာအမူအရာများကြောင့် ၂၀၁၂ခုနှစ်ကတည်းက ဗိုလ်စွဲလာခဲ့သည့် ဝီလျံ မက်ဗီနုအပေါ် အနိုင်ပေးလိုက်ကြသည်။

ဆုံးဖြတ်ချက်ကို ကြားလိုက်ရသည့်အခါ မက်စဗီနုနှင့် ၎င်းကို ထောက်ခံသူများက ဒိုင်လူကြီးများကို ဝိုင်းရံကာ ဆီရာမှာ ကိုရုပ်ဆိုးဆုနှင့် မထိုက်တန်လောက်အောင် ရုပ်ချောလွန်းနေကြောင်းနှင့် ကျိုးနေသော ရှေ့သွားများအပေါ် အခြေခံ၍ ဆုံးဖြတ်ခြင်းဖြစ်သောကြောင့် ဆီရာ၏ အရုပ်ဆိုးအကျည်းတန်မှုမှာ သဘာဝမကျကြောင်း ပြောကြားကြသည်။

‘ကျနော်က မွေးရာပါ ရုပ်ဆိုးတာ။ သူက မွေးရာပါမဟုတ်ဘူး။ ပါးစပ်ဟလိုက်မှသာ သွားတွေမရှိလို့ ရုပ်ဆိုးတာပါ’’ဟု မက်ဗီနုက ပြောသည်။

အခြားပြိုင်ပွဲဝင် ကိုရုပ်ဆိုးတစ်ဦးဖြစ်သည့် ပက်ထရစ် မူပါရက်ကီကလည်း ‘ကိုရုပ်ဆိုးဆုရဖို့ သွားတွေကျိုးနေဖို့ လိုသလား။ ဒါက အလိမ်အညာသက်သက်ပဲ’’ဟု အော်ဟစ်နေခဲ့သည်။ တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်းမရှိသော်လည်း ရလဒ်များကို ကြေညာစဉ် တွန်းထိုးမှုများဖြစ်ပွားခဲ့ပြီး ဒိုင်လူကြီးများကိုလည်း အော်ဟစ်ဆဲဆိုခဲ့ကြသည်ဟု ဆိုသည်။

ရူပါရုံပြိုင်ပွဲများမှာ အာဖရိကတောင်ပိုင်း ဇင်ဘာဘွေတွင် လူကြိုက်များရေပန်းစားလှပြီး အမျိုးသမီးများအတွက် အထူးရည်ရွယ် ကျင်းပခြင်းဖြစ်သော်လည်း အရှုပ်အထွေးများမှာလည်း မရှိတော့ မဟုတ်ပါ။ ယခုနှစ်အစောပိုင်းက မယ်ဇင်ဘာဘွေဆုရှင် အမ်မလီ ကာချုတ်မှာ လူမှုမီဒီယာတွင် ဇင်ဘာဘွေနိုင်ငံသားများက သူမမှာ ရုပ်ဆိုးလွန်းသောကြောင့် သရဖူနှင့် မထိုက်တန်ဟု ဝိုင်းဝန်း ထိုးနှက်တာ ခံလိုက်ရသည်။

ယခု ကိုရုပ်ဆိုး ဆီရာကမူ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀ကို ပိုက်ပြီး ဝေဖန်သူများကို အရှုံးသမားများ မခံမရပ်နိုင်ဖြစ်နေကြသည်ဟုသာ တုံ့ပြန်ပြောကြားခဲ့သည်။

‘ကျနော်ဟာ သူတို့ထက် ရုပ်ဆိုးတယ်ဆိုတာကို သူတို့ လက်ခံသင့်တယ်။ ရုပ်သံစာချုပ်ချုပ်လာဖို့ မျှော်လင့်တယ်။ ကျောင်းတွေကိုလှည့်ပြီး ကျနော့်အရုပ်းဆိုးအကျည်းတန်မှုကို လိုက်ပြမယ်။ ဒါမှ ရုပ်သံဖန်သားပြင်ပေါ် တက်ဖို့ အခွင့်အရေးရလာမယ်’’ဟု ဆီရာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly