ရွေးကောက်ခံ အစိုးရသစ် ပေါ်လာသည့်အထိ စောင့်ကြည့်မည်ဟု RCSS ပြော

ရွေးကောက်ခံ အစိုးရသစ် ပေါ်လာသည့်အထိ စောင့်ကြည့်မည်ဟု RCSS ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

တပ်မတော်က အာဏာသိမ်းမှုအခြေအနေကြောင့် ရွေးကောက်ခံ အစိုးရသစ် ပေါ်ထွန်းလာသည်အထိ အခြေအနေများကို အနီးကပ်စောင့်ကြည့်သွားမည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဖေဖော်ဝါရီ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီထံမှ တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း၍ အစိုးရတာဝန်များကို ထိန်းချုပ်ရယူလိုက် သည်။

RCSS/SSA က “ရွေးကောက်ခံ အစိုးရသစ် ပေါ်ထွန်းလာသည်အထိ အခြေအနေများကို အနီးကပ် စောင့် ကြည့်သွားမည် ဖြစ်ပြီး ဤကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် နှစ်ဦး နှစ်ဖက် သဘော တူ စာချုပ်များ (Bilateral Agreements)ကို အခြေခံ၍ မိမိတို့ အနေဖြင့် ဆောင်ရွက်သွားမည်”ဟု ဆိုသည်။

ထို့နောက် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတွင် တပ်မတော်က အာဏာသိမ်းယူလိုက်သည့်အတွက် မိမိတို့ လက်ရှိ ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းကို ထိခိုက်စေသည့်အပြင် နှစ်ဦးနှစ်ဖက်ကြား တည်ရှိနေသော ယုံကြည်မှုကိုလည်း ပျက်ပြားစေနိုင် သည်ဟု RCSS/SSA က ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

RCSS/SSA က “သျှမ်းအမျိုးသား၊ သျှမ်းပြည်အမျိုးသားများနှင့် ပြည်ထောင်စု တိုင်းရင်းသားများ ညီညွတ်ရေးမှ တဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ အပါအဝင် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက် သွားမည်”ဟု ဆိုသည်။

RCSS/SSA သည် အစိုးရ၊တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များဖြင့် လက်မှတ်ရေးထိုးထားသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသော သျှမ်း လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

သျှမ်းပြည်နယ်၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ဒေသများတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

လက်ရှိမှာလည်း တပ်မတော်က အာဏာသိမ်းထားခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတစ်ဝန်း ကန့်ကွက် ဆန္ဒပြ မှုများ ဖြစ်ပွားနေသည်။

နောက်ဆုံးကတော့ အာဏာသိမ်းစစ်တပ်က ပေးတဲ့ အခွင့်အရေးကို ယူလိုက်သူသည် မျိုးဆက်သစ်တွေနဲ့ စစ်ခင်းရပါလိမ့်မှာ ဖြစ်ပြီးတော့ မယူဘူးဆိုရင်တော့ မျိုးဆက်သွယ်တွေနဲ့အတူ အာဏာရှင်စနစ်ကို အသက် သွင်းလိုတဲ့ အာဏာသိမ်းစစ်တပ်ကို တွန်းလှန်ရမှုမှာ ပါဝင်ရပါလိ့မယ် မပါဝင်ရင်တောင် ထောက်ခံအားပေးဖို့ လုပ်ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly