စစ်တပ်က သိမ်းထားသော အာဏာကို လက်လွှတ်ရန် ဂျိုးဘိုင်ဒင် တိုက်တွန်း

စစ်တပ်က သိမ်းထားသော အာဏာကို လက်လွှတ်ရန် ဂျိုးဘိုင်ဒင် တိုက်တွန်း

ဖေဖော်ဝါရီလ ၅ ၊ ၂၀၂၁

ယခု သီတင်းပတ်အစောပိုင်း အာဏာသိမ်းမှုဖြင့် နိုင်ငံအား ထိန်းချုပ်ထားသည့် စစ်တပ်အနေဖြင့် သိမ်းဆည်းထားသော အာဏာကို လက်လွှတ်ရန်နှင့် ဖမ်းဆီးထားသော တာဝန်ရှိသူများနှင့် ထောက်ခံသူများ အားလုံးကို ပြန်လွှတ်ပေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြာသပတေးနေ့(ဒေသစံတော်ချိန်)တွင် တိုက်တွန်းလိုက်သည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးများ ပြန်လည်ချိတ်ဆက်ရန်နှင့် အကြမ်းဖက်မှုများကို ရှောင်ကြဉ်ရန်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန၌ မိန့်ခွန်းပြောရာတွင် ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ကျွန်တော်တို့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံး ပါအောင် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဒီ အခြေအနေဟာ စိုးရိမ်စရာဖြစ်ကြောင်းကို ရီပတ်ဘလီကန်ခေါင်းဆောင် မတ်ကွန်နေးနဲ့လည်း ကျွန်တော် ပြောဆိုဆွေးနွေးနေပါတယ်။ ကျွန်တော်တို့ စုစုစည်းစည်းနဲ့ လုပ်ဆောင်နေပါတယ်။”ဟု နိုင်ငံခြားရေးဌာန မိန့်ခွန်းတွင် ဘိုင်ဒင်က ပြောသည်။

“ဒီမိုကရေစီမှာ အင်အားသုံးပြီး ပြည်သူတွေရဲ့ ဆန္ဒကို ပယ်ချတာ၊ ယုံကြည်ရတဲ့ ရွေးကောက်ပွဲရလဒ်ကို ရုပ်သိမ်းဖို့ ကြိုးစားတာမျိုးဟာ ဘယ်တော့မှ မရှိသင့်ဘူးဆိုတာ သံသယ မရှိပါဘူး။ စစ်တပ်အနေနဲ့ သူတို့ သိမ်းယူထားတဲ့ အာဏာကို လက်လွှတ်သင့်ပြီဖြစ်ပါတယ်။ ဖမ်းဆီးထားတဲ့ ထောက်ခံသူတွေနဲ့ တာဝန်ရှိသူတွေကို ပြန်လွှတ်ပြီး ဆက်သွယ်ရေး ကန့်သတ်ထားတာကို ရုပ်သိမ်းလို့ အကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြေသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်ထွန်းကားရန်နှင့် ဥပဒေစိုးမိုးရေးတို့အပြင် အာဏာသိမ်းမှုတွင် တာဝန်ရှိသူများအပေါ် နောက်ဆက်တွဲ အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန်သည် မဟာမိတ်များနှင့် အနီးကပ် ဆောင်ရွက်လျက်ရှိသည်ဟုလည်း သမ္မတ ဂျိူးဘိုင်ဒင်က ထပ်လောင်းပြေသည်။

တနင်္လာနေ့က ထုတ်ပြန်ချက်တွင် ဂျိုးဘိုင်ဒင်က အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်နိုင်ပြီး တိုက်ခိုက်ခံနေရသည့် ဒီမိုကရေစီအတွက် ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲသည်။

မြန်မာစစ်တပ်သည် အများပြည်သူ အကျိုးစီးပွားနှင့် နိုင်ငံလုံခြုံရေးအတွက်ဆိုကာ ဖေ့ဘုတ်နှင့် အခြား မက်ဆေ့ချ်ဝန်ဆောင်မှုများကို ယာယီပိတ်ဆို့ထားကြောင်း တယ်လီနောက ထုတ်ပြန်ချက်ကို ကိုးကားပြီး ရှင်ဟွာသတင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly