ဒဂုံတက္ကသိုလ် ကျောင်းသားနဲ့ ဆရာ၊ ဆရာမ အင်အား ၂၀၀ နီးပါး စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြ

ဒဂုံတက္ကသိုလ် ကျောင်းသားနဲ့ ဆရာ၊ ဆရာမ အင်အား ၂၀၀ နီးပါး စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြ
Photo - AFP

ဖေဖော်ဝါရီလ ၅ ၊ ၂၀၂၁

တနင်္လာနေ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်ပြီး ဒဂုံတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေဟာ စုရုံးဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုတွေက သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင်ပြီး တော်လှန်ရေးသီချင်းကို ဟစ်ကြွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထိပ်ပိုင်းတာဝန်ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်ရဲ့ အာဏာသိမ်းယူမှုကို ကမ္ဘာက ရှုတ်ချကာ ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်မယ်လို့ ခြိမ်းခြောက်လာပါတယ်။

အခု ကျောင်းသားတွေရဲ့ ဆန္ဒပြမှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကလက်ထောက်ဖြစ်သူ ဦးဝင်းထိန်ကို ဖမ်းဆီးခံရပြီးနောက်မှာ ပေါ်ပေါက်လာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတ ဦးဝင်းမြင့်ကိုလည်း တနင်္လာနေ့ အစောပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

သောကြနေ့က ဒဂုံတက္ကသိုလ် ဆန္ဒပြပွဲမှာ ကျောင်းသားကျောင်းသူနဲ့ ဆရာ၊ ဆရာမ အင်အား ၂၀၀ နီးပါး ပါဝင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

“နိုင်ငံသား တစ်ယောက်အနေနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ကျွန်မ လုံးဝ လက်မခံနိုင်ဘူး။ ကျွန်မတို့ အာဏာရှင်ကို တွန်းလှန်သွားမယ်။”လို့ ကထိကတစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းဝင်းမော်က အေအက်ဖ်ပီကို ပြောပါတယ်။

တက္ကသိုလ်ဝင်းကို ဝိုင်းပတ်ချီတက်ကြရင်း ဆန္ဒပြကျောင်းသားတွေဟာ ‘အမေစု ကျန်းမာပါစေ’ ဆိုပြီး ဟစ်ကြွေးကြသလို NLD ပါတီအလံရဲ့ အရောင်ဖြစ်တဲ့ အလံနီတွေကိုလည်း ကိုင်ဆောင်ထားကြတာ မြင်တွေ့ရပါတယ်။

“ကျွန်တော်တို့ မျိုးဆက်တွေကို စစ်အာဏာရှင်အောက်မှာ မထားနိုင်ဘူး။”ဆိုပြီး ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုမင်းစည်သူက ပြောပါတယ်။

နေပြည်တော်က အစိုးရဝန်ကြီးဌာနအချို့က ဝန်ထမ်းဒါဇင်ပေါင်းများစွာကလည်း ဖဲကြိုးနီ ဝတ်ဆင်ရင်း အုပ်စုလိုက် ဓာတ်ပုံတွေရိုက်လို့ အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒပြဖော်ထုတ်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required